Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓာတ်ပုံ - လျှပ်စစ်မီးများ ပြတ်တောက်နေသည့် ရန်ကုန်။ (ပုံအဟောင်းဖြစ်သည်)

ရန်ကုန်တိုင်းဒေသက ခရိုင်အားလုံးကို လျှပ်စစ်မီး ၄ နာရီပေးပြီး ၈ နာရီမီးဖြတ်တောက်သည့် အလှည့်ကျစနစ်သစ် အာဏာသိမ်း စစ်ကောင်စီက စတင်လိုက်ပြီဟု မြို့ခံများထံမှ သိရသည်။

ပုံမှန်စနစ်မှာ ၄ နာရီမီးပေးပြီး ၄ နာရီမီးဖြတ်သည့် အလှည့်ကျစနစ်ကို စစ်ကောင်စီက လျှပ်စစ်မီးလိုအပ်ချက်အရ ပုံစံသစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်လိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းကိုသာ စစ်ကောင်စီမှာ ထုတ်လုပ်နိုင်သောကြောင့် အချိန်ပြည့် လျှပ်စစ်မီးပေးနိုင်ခြင်းမရှိတော့ပေ။

တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅,၄၄၃ မဂ္ဂါဝပ်ရှိပြီး လက်ရှိ ထုတ်လုပ်နိုင်စွမ်းမှာ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂,၃၀၀ ဝန်းကျင်အောက်သာ ထုတ်လုပ်နိုင်တော့ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်က “တစ်ရက် ၄ နာရီ ၂ ကြိမ် စုစုပေါင်း ၈ နာရီ မီးပြတ်မယ်ဆိုပေမယ့် အခု လျှပ်စစ်ဓာတ်အားရရှိမှုက ပိုပိုပြီးလျှော့ကျလာနေလို့ ဒီထက်ပိုပြီး အချိန်ကြာကြာလည်း ပြတ်တောက်နိုင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စက်ရုံကြီးများဖြစ်သည့် လောပိတဘီလူးချောင်း၊ ရဲရွာ၊ ပေါင်းလောင်း အပါအဝင် ရေအားလျှပ်စစ်ထုတ်စက်ရုံ ၉ ခုမှာ ရေကြီးရေလျှံမှုနှင့် သဘာ၀ဘေးအန္တရာယ်များကြောင့် အကြီးစားပြင်ဆင်ရန် လိုအပ်နေကြောင်း သိရသည်။

စက်ရုံကို တည်ဆောက်ပေးခဲ့ကြသည့် မူလကုမ္ပဏီများက လာရောက် ပြင်ဆင်နိုင်ရေး ညှိနှိုင်းမှုများစွာ လုပ်ဆောင်နေရသဖြင့် အချိန်ကြာမြင့်မည့် အခြေအနေရှိနေသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စက်မှုဇုန်များတွင်လည်း တစ်ရက်လျှင် လျှပ်စစ်မီး ၄ နာရီသာ ပေးနိုင်ပြီး အများစုသော စက်ရုံ အလုပ်ရုံများမှာ တွက်ခြေ မကိုက်တော့၍ လုပ်ငန်းများ ယာယီ ရပ်နားထားရကြောင်း သိရသည်။

(ရန်ကုန်ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဖက်ဖြစ်သည်)

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ