Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရန်ကုန်လေဆိပ်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရသော လဝက ဝန်ကြီး ဦးမြင့်ကြိုင်နှင့် လေဆိပ်လဝက ဝန်ထမ်းများ။ (ဓါတ်ပုံ-moi)

အမည်ပျက်စာရင်းရှိသူ Black List များကို ပြည်ပထွက်ခွင့်မပေးဘဲ တင်းတင်းကျပ်ကျပ် စိစစ်တားဆီးရန် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လေဆိပ်တာဝန်ရှိသူများကို ညွှန်ကြားနေသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်က ရန်ကုန်လေဆိပ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများနှင့် အခြားသော လေဆိပ်တာဝန်ရှိသူများကို နိုဝင်ဘာ ၄ ရက်က ညွှန်ကြားခဲ့သည်။

အမည်ပျက်စာရင်း သွင်းထားသူများကို ပြည်ပထွက်ခွာခွင့်မပေးခြင်းမှာ ယခင်ကတည်းကဖြစ်ပြီး Black List (အမည်ပျက်စာရင်း) သွင်းထားသူများကို ပြည်ပထွက်ခွာခွင့် မပြုစေရေး စနစ်တကျ စိစစ်တားဆီးရေးနှင့် Black List (အမည်ပျက်စာရင်း) မပါသူများကို မှားယွင်းတားဆီးမှုမရှိရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စာရွက်စာတမ်း ပြည့်စုံသော်လည်း ပြည်ပထွက်ခွာခွင့် မပြုခြင်း၊ ထင်ရှားကျော်ကြားသူများကို ပြည်ပထွက်ခွာခွင့် တားမြစ်ခြင်းများနှင့် လူငယ်အမျိုးသားအမျိုးသမီးသမီးများကို တားဆီးတင်းကျပ်ခြင်းများကို တာဝန်ကျဝန်ထမ်းများက လုပ်ဆောင်နေကြသည်။

အမျိုးသမီးတစ်ဦးက “အခု အလုပ်ကိစ္စနဲ့ ပြည်ပခရီးစဉ်ထွက်တာတောင် ဘယ်သွားမှာလဲ။ ဘယ်မှာတည်းမှာလဲဆိုတာပါ ပြရတယ်။ စာရွက်စာတန်းစုံတာတောင် ပိုက်ဆံ ၃ သောင်းပေးခဲ့ရ‌သေးတယ်။ ဘာအတွက်လည်း မေးရင်လည်း သေချာတဲ့ အကြောင်းပြချက် မပြောဘူး။ ” ဟု ပြောသည်။

အချို့သော လေဆိပ်တာဝန်ကျဝန်ထမ်းများမှာ လေယာဉ်လှေကားထစ်အရေအတွက်အတိုင်း လှေကားတစ်ထစ်ကို ငွေကျပ် တစ်သိန်းစီ တောင်းခံမှုရှိကြောင်းလည်း ငွေမပေးနိုင်၍ ပြန်လာရသူများက ပြောဆိုနေကြသည်။

ပြန်လာရသူတစ်ဦးက ” စက်တင်ဘာလက ထိုင်းကိုသွားဖို့ မိဘတွေဆီသွားဖို့လုပ်တာ။ လေယာဉ်လှေကားထစ်အတိုင်း တစ်ထစ်ကို ငွေကျပ် ၁ သိန်းပေးရမယ်ပြောတယ်။ ဒါက မဖြစ်နိုင်ဘူးလေနော်။ ကျနော်တို့က ပိုက်ဆံချမ်းသာတာမဟုတ်ဘူး။ လှေကားထစ် ၁၀ ထစ်ပါရင် ငွေကျပ် ၁၀ သိန်း ဘယ်လို ပေးနိုင်မှာလဲ။ ဒါက ကြမ်းဖက်ငွေညှစ်တာနဲ့ အတူတူပါပဲ။ မပေးနိုင်လို့ ပြန်လာရပါတယ်။ ” ဟု ပြောသည်။

စစ်မှုထမ်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးနောက် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်ကြား လူငယ်အမျိုးသားများကိုလည်း စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ထိန်းချုပ်ကန့်သတ်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းမှာ ထိုင်းနိုင်ငံကို ထွက်ခွာရန် ကြိုတင်အကြောင်းကြားထားခြင်း မရှိဟုဆိုကာ မန္တလေး လေဆိပ်တွင် ပါ့စ်ပို့ အသိမ်းခံရပြီး လေဆိပ်ကနေ လှည့်ပြန်ခဲ့ရသည်။

ဇွန်လကစပြီး အလုပ်သမား နိုင်ငံကူးလက်မှတ် (PJ) နှင့် အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) များကို ပြောင်းလဲခွင့်မပြုကြောင်းနှင့် PV အမျိုးအစား ပါ့ပို့စ်ဖြင့် သွားရောက်သူများကို လေဆိပ်မှတစ်ဆင့် ပြန်လွှတ်နေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ