Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စားဝတ်နေရေးခက်ခဲ၍ မိုင်းအန္တရာယ်ကိုမမူတော့ဘဲ အသက်စွန့်ပြီး တောတောင်များတွင် ရှာဖွေစားသောက်နေရသူအချို့အား တွေ့ရစဉ်။

နှစ်ဖက်တိုက်ပွဲများဖြစ်ပွားမှုရှိနေသည့် ရခိုင်တွင် မိုင်းအန္တရာယ်ကြောင့် တောတောင်ကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုနေရသူများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

ထင်းခွေ၊ ဟင်းရှာ၊ သစ်ခုတ်၊ ဝါးခုတ်၊ တောင်ယာလုပ်ငန်းနှင့် အခြား တောတောင်အမှီပြုအလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသူများမှာ မိုင်းအန္တရာယ်ကြောင့် အလုပ်အကိုင်များကို ထိခိုက်မှုများရှိလာသည်ဟု တောတောင်အမှီပြု လုပ်ကိုင်စားသောက်နေသူများက ပြောဆိုကြသည်။

တောင်ယာလုပ်ငန်းဖြင့် စားဝတ်နေရေးဖြေရှင်းနေသူ မြောက်ဦးမြို့နယ် နဒင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက “တိုက်ပွဲဖြစ်ပြီးတော့ မိုင်းကြောင့် သွားလို့မရတဲ့ နေရာတွေ ပိုများသွားတယ်။ ရွာအနီးနားက တောင်တွေကိုတောင် သွားလို့မရတော့ဘူး။ တိုက်ပွဲက အဲ့နေရာတွေမှာဖြစ်ခဲ့တာလေ။ အခုအဝေးကြီးကို သွားရတယ်။ ပင်ပန်းတယ်။ ရှာရဖွယ်ရတာလည်း မလွယ်ဘူး။ မသွားရတဲ့ နေရာတွေများတော့ အရင်လို များများစားစားမရှာနိုင်တော့ဘူး။ စားဝတ်နေရေးက အရင်ကထက် ပိုကျပ်တည်းတာပေါ့” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာမှ အမျိုးသမီးသမီးတစ်ဦးကလည်း မိုင်းအန္တရာယ်အပေါ် ၎င်းတို့၏ စိုးရိမ်မှုနှင့်ပတ်သက်၍ ပြောပြသည်။

“တို့က ဘာမှမသိဘူး။ အခု သင်္ဘောဥ (ကတက်ဥ) တူးတယ်။ တူးရင်လည်း ဒီအတိုင်းတူးရတာပဲ။ မြေထဲဘာရှိမယ်ဆိုတာ သိနိုင်တာမှ မဟုတ်တာ။ မသွားရဘူးဆိုတဲ့ နေရာတွေတော့ မသွားဘူး။ ဒါပေမယ့် ဒီဘက်တွေမှာ ရှာရဖွေရတာ အဆင်မပြေရင်တော့ မိုင်းရှိတယ်ဆိုတဲ့ နေရာတွေကိုလည်း သွားရမှာပဲ” ဟု ပြောသည်။

ရခိုင်တွင် မြို့နယ်အလိုက် တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားမှုရှိခဲ့ပြီး နှစ်ဖက်တပ်များမှာလည်း လုံခြုံရေးအတွက် မြေမြုပ်မိုင်းကို အဓိအသုံးပြုခဲ့ကြကြောင်းတွေ့ရကာ ထိုအထဲတွင် စစ်ကောင်စီ တပ်စွဲရာနေရာများတွင် မိုင်းအန္တရာယ်မှာ ပိုကြီးမားလျှက်ရှိနေသည်ကိုလည်းတွေ့ရသည်။

စစ်ကောင်စီထံမှ အာရက္ခတပ်တော် သိမ်းပိုက်ရရှိထားပြီးဖြစ်သည့် နယ်မြေများတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဧရိယာများကို မီးရှို့၍မိုင်းရှာဖွေခြင်း၊ မိုင်းရှာဖွေရေး ကိရိယာများသုံးကာ မိုင်းရှင်းလင်းခြင်းများ လုပ်ဆောင်ပေးနေသော်လည်း မိုင်းရှင်းလင်းရန် လိုအပ်နေသည့်နေရာ အများအပြားကျန်ရှိနေသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ