Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရ မြန်မာ့အရေး လျစ်လျူရှုမည်ကို စိုးရိမ်)

နောက်ထပ်တစ်ကြိမ် ရွေးကောက်ခံရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားသည်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ယခု ၂၀၂၄ ခုနှစ်တွင် အမေရိကန်သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရပြီး အမေရိကန်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် ရရှိသွားသည်။

NUG ယာယီသမ္မတက ရွေးကောက်ပွဲအနိုင်ရ ထရမ့်ကို ဂုဏ်ပြုရင်း အမေရိကန်နှင့် ခိုင်မာသော ဆက်ဆံရေး ဆက်လက်ထူထောင်ရန် မျှော်လင့်ကြောင်း ပြောသည်။

“အမေရိကန်သမ္မတအဖြစ် ပြန်လည် ရွေးကောက် အနိုင်ရရှိမှု အပေါ်ဂုဏ်ယူကြောင်း၊ သမ္မတ ဒေါ်နယ်ထရမ့်၏ ခေါင်းဆောင်မှုအောက်တွင် အရေးကြီးပြီး ခိုင်မာသော ဆက်ဆံရေး ဆက်လက် ထူထောင်သွားရန် မျှော်လင့်ကြောင်း” ဟု ဆိုသည်။

အမေရိကန်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်ရမည့် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် မြန်မာ့အရေးကို စိတ်ဝင်စားမှုမရှိဘဲ လျစ်လျူရှုထားမည်ကို ပြည်တွင်းပြည်ပ နိုင်ငံ ရေးအသိုင်းအ၀ိုင်းက အထူးစိုးရိမ်နေကြသည်။

ရန်ကုန်နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ” အခု တက်လာမယ့် အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့် လက်ထက်မှာတော့ သူ့ နိုင်ငံ၊ သူ့စီးပွားရေးကိုပဲ ဦးစားပေးမယ်ပြောထားတော့ မြန်မာ့အရေးက ပိုပြီးတော့ လျစ်လျူရှုခံရမယ်လို့ မြင်ပါတယ်။ တော်လှန်ရေး ဒီအခြေအနေအထိ ရောက်လာတာက ဘယ်သူ့အကူအညီမှ မပါဘဲ ရောက်တယ် ဆိုပေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေကို အရှိုက်ထိစေတာကတော့ သေချာပါတယ်။ စိုးရိမ်တာကတော့ မြန်မာ့အရေး ဘာဖြစ်ဖြစ်ဆိုပြီး အမေရိကန်က ပစ်ထားလိုက်မှာကိုပဲ” ဟု ပြောသည်။

အမေရိကန်သမ္မတ ဘိုင်ဒင်လက်ထက်မှာ မြန်မာ့အရေးကို Burma Act ရှိနေလျှက်ပင် အကူအညီက လောက်လောက်လားလား မရရှိကြောင်း ၎င်းက ဆက်ပြောသည်။

“မြန်မာ့အရေး နဲ့ပတ်သက်လို့ အမေရိကန်ဘက်က တစ်လျှောက်လုံး စိုးရိမ်တယ်၊ ပူပန်တယ်၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်အတိုင်းရပ်တည်ပါမယ်နဲ့ပဲ အဆုံးသတ်သွားတယ်။ တော်လှန်ရေးကာလ ၄ နှစ်ထဲသာ ဝင်လာတယ် အမေရိကန်ဘက်က မြန်မာ့အရေးကို စိတ်ဝင်စားဟန်ပဲပြဦးတော့ အရေးကြီးတဲ့ ကူညီမှုတွေ ဘာတစ်ခုမှ မရှိခဲ့ဘူး” ဟု ဆိုသည်။

တော်လှန်ရေးအင်အားစုများအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် ထိတွေ့ဆက်ဆံရေး မဟာဗျူဟာအသစ်ဖြင့် အမှန်တကယ် ဩဇာကြီးသော ရီပတ်ဘလစ်ကန် အမတ်၊ တာဝန်ရှိသူများကို ထိတွေ့ဆက်ဆံနိုင်ရေး အရေးကြီးသည်ဟု သုံးသပ်ပြောဆိုကြသည်။

အမေရိကန်စစ်တပ် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဒေါက်တာ မီမီဝင်းဘတ်ကမူ အမေရိကန်အစိုးရအဖွဲ့အသစ်က ချမှတ်လာမည့် နိုင်ငံခြားမူဝါဒအသစ်များကြောင့် မြန်မာ့အရေးအတွက် အခွင့်အလမ်းသစ်နှင့်ကြီးမားသော ရည်မှန်းချက်များဖြစ်ပေါ်လာနိုင်သည်ဟု လူမှုကွန်ရက်တွင် သုံးသပ်ရေးသားထားသည်။

စစ်အာဏာရှင်၏ ဖိနှိပ်သတ်ဖြတ် ဖမ်းဆီးမှုများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာပြီး UNHCR က တစ်ဆင့် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ခွင့်ရရန် စောင့်ဆိုင်းနေသူများမှာ သမ္မတသစ် ဒေါ်နယ်ထရမ့်လက်ထက်တွင် ဒုက္ခသည်များခေါ်ယူရေး ရပ်ဆိုင်းသွားမည်ကို စိုးရိမ်နေကြသည်။

(ရန်ကုန်ခေတ်သစ်သည် Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သည်)

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ