Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ရခိုင်ပြည်၊ သံတွဲမြို့နယ်က စစ်ဘေးရှောင်များအား တွေ့ရစဉ်၊ ဓါတ်ပုံ/ နီထွန်းအောင်

လာမည့် ၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်အတွင်း လူဦးရေ ၂သန်းကျော်လောက်မှာ အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုအပါအဝင် ပြည်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လာမည်နှစ်အတွင်း ဆိုးဆိုးရွားရွားကြုံရနိုင်ကြောင်း ဆိုသည်။

ထို့အပြင် ရခိုင် ပြည်တွင်းထုတ်ကုန် သိသိသာသာကျဆင်းမှု အပါအဝင် ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေးကွန်ရက်များ မရှိသောကြောင့် ပိုပြီးအကျိုးဆက်များ ခံစားရနိုင်ကြောင်း UNDP ၏ အစီရင်ခံစာက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ တစ်ကျော့ပြန် စတင်ဖြစ်ပွားခဲ့သည့် အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတပ်တို့သည့် လက်ရှိအချိန် တိုက်ပွဲများ ပြင်းထန်နေပြီး ယင်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူ ၈ သိန်းပါး ရှိနေကြောင်း သိရသည်။

ယင်းအပြင် ရခိုင်ပြည်အတွင်း လမ်းကြောင်းများ ပိတ်ဆို့ထားမှုကြောင့် ကုန်စည်များအပါအဝင် စားသုံးဆီ၊ စက်သုံးဆီများလည်း အဆမတန် ဈေးမြင့်တက်နေပြီး ဆေးဝါးများမှာလည်း အားလုံးနီးပါး ပြတ်တောက် နေကြောင်း ဒေသခံများက ပြောဆိုထားသည်။

UNDP ၏ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ရခိုင်ပြည်တစ်ဝန်းမှာ ကောက်ယူထားသော အချက်အလက်များအရ ပြည်တွင်း ပြည်ပကုန်သွယ်မှုအားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေသည့်အတွက် ပြည်နယ်၏ လူဦးရေ ၉၅ ရာခိုင်နှုန်းလောက်ကို အန္တရာယ်ကျရောက်နိုင်ကြောင်း UNDP က ထောက်ပြသည်။

ရခိုင်ပြည်တွင် စားနပ်ရိက္ခာ ဖူလုံစေရန် အတွက် ၂၀၂၅ ခုနှစ်မှာ အနည်းဆုံး ဆန်တန်ချိန် ၃၇၂,၀၀၀ လိုအပ်နေပြီး ကုန်ပစ္စည်း ဝင်ရောက်ခွင့်ရဖို့၊ လက်ရှိကန့်သတ်ချက်များအားလုံး ရုတ်သိမ်းပေးဖို့ လိုကြောင်း UNDP က တောင်းဆိုထားသည်။

ထို့အပြင် ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်စည်စီးဆင်းရေး ကောင်းမွန်ရန်၊ အကူအညီပေးရေးလုပ်သားများကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ပြုရန်နှင့် ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက အာမခံရန် လိုကြောင်း UNDP က တောင်းဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ