Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - AA ဖမ်းမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် လက်နက်ပစ္စည်းများ။ (ပုံဟောင်းဖြစ်သည်)/ဓါတ်ပုံ-AA

(နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး ကျေးရွာများမှ အရပ်သားများအား အမြန်ဆုံးထွက်ခွာရန် AA သတိပေး)

တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ပြည် တောင်ကုတ်မြို့နယ်တိုက်ပွဲတွင် တစ်ညအတွင်း စစ်ကောင်စီတပ်ဖက်က တပ်သား ၂၀ ဦးခန့်သေဆုံးခဲ့ပြီး အများအပြား ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယမန့်နေ့ နိုဝင်ဘာ ၇ ရက် ၇ နာရီခွဲအချိန်စ၍ ယနေ့ နံနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲမှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ယင်းကဲ့သို့ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဟု အမည်မဖော်လိုသည့် ဒေသခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အလောင်းတွေကို တေဘာကားပေါ်တင်တယ်။ အလောင်းတွေကို အာလိန်ငါးဆင့်ကျောင်းတိုက်ကနေ ထုတ်သွားတာ။ စုစုပေါင်း အလောင်း ၂၀ လောက်ရှိတယ်။ စကခ ၅ တပ်မကို သယ်သွားတာပါ။ ဘယ်မှာ သင်္ဂြိုလ်မယ်ဆိုတာတော့ မပြောတက်ဘူး။ ဆာလာအိတ်တွေနဲ့ ထုပ်ပြီး ကားပေါ်တင်နေကြတာပါ” ဟု ပြောသည်။

တိုက်ပွဲများမှာ တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာအနီး၊ အာလိန်ငါးဆင့်ကျောင်းတစ်ဝိုက်အနီးနှင့် နတ်မော်ဆင်းသောလမ်းများတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။

အာလိန်ငါးဆင့်ကျောင်းတိုက်သည် တောင်ကုတ်မြို့ ကိုင်းရှည်တံတားထိပ်တွင် တည်ရှိပြီး အဆိုပါကျောင်းတိုက်တွင် စစ်ကောင်စီတပ်သားများ ရာနှင့်ချီ တပ်စွဲထားသည်မှာ ကြာပြီး ဖြစ်ကြောင်း တောင်ကုတ်ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

တောင်ကုတ်ဒေသခံ အသက် ၃၆ နှစ်ရွယ် အမျိုးသားတစ်ဦးက “မနေ့ည ၇ နာရီကနေ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတာပါ။ မနက်ပိုင်းအထိ တိုက်ပွဲက ဖြစ်နေတာပါ။ ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို ဗုံးလာကြဲတယ်။ ရွာတွေကို လာကြဲတာပါ။ လက်ရှိအချိန်ထိတော့ ထိခိုက်ဒဏ်ရာရှိမှု အခြေအနေကို မသိရသေးဘူး” ဟု ပြောသည်။

အာရက္ခတပ်တော် AA ဖက်က တိုက်ပွဲ ဖြစ်ပွားနေသော ဧရိယာထဲက ကျေးရွာများမှာ နေထိုင်သည့်အရပ်သားများကို ယနေ့ ညပိုင်းတွင် အမြန်ဆုံးထွက်ခွာကြရန် သတိပေးထားကြောင်း ကျေးရွာဒေသခံများက ပြောသည်။

တောင်ကုတ်ဒေသခံတစ်ဦးက ” ဒီနေ့ည ၅ နာရီအပြီး ထွက်ခွာကြဖို့ အေအေ သတိလာပေးတယ်။ တချို့လမ်းကြောင်းတွေ ရှင်းပြီးတော့ လုပ်နေကြတာရှိတယ်။ တချို့ကြတော့ တောင်ကုတ်မြို့ထဲ ဝင်နေကြတယ်။ ကျေးရွာတွေမှာ လူတွေ တော်တော်များများက ရှိနေကြသေးတယ်” ဟု ပြောသည်။

ဗုံးကြဲခံရသော ကျေးရွာအချို့က ပြည်သူအများစုမှာ စစ်ဘေးရှောင်သွားကြပြီး အချို့ကျေးရွာအတွင်းမှာ ရှိနေသေး၍ AA က ယင်းကဲ့သို့ အမြန်ဆုံး တိမ်းရှောင်ကြရန် ပြောဆိုနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ ဒရုန်းပစ်တဲ့အထဲမှာ ရွာသုံးရွာကို လက်နက်ကြီးကျတယ်။ ဒုံရွာကို ဗုံးနှစ်လုံးကျတယ်။ ဒုံရွာက အာလိန်ငါးဆင့်ကျောင်းတိုက်နဲ့ ကပ်နေတာ။ တောင်ရွာကို နှစ်လုံးကျတယ်။ ကိုင်းရှည် အကွက်သစ်ကိုလည်း ကျတယ်။ အဲ့ဒီရွာတွေက တိုက်ပွဲလမ်းကြောင်းတွေမှာပါနေတာပါ။ နေအိမ်တွေ တော်တော်များများ ပျက်စီးသွားတယ်လို့ သိရတယ်။ ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူး” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ၏ စကခ (၅) တပ်မ၊ ခမရ ၅၄၄ တပ်ရင်း၊ ခမရ ၃၄၆ တပ်ရင်းတို့ရှိပြီး အဆိုပါတပ်ရင်းများကို သိမ်းပိုက်နိုင်ရေး AA က ထိုးစစ်ဆင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းများက ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကာ ပန်းမြောက်တောင် အမြောက်တပ်ကို AA က သိမ်းပိုက်ထားသည်။

လက်ရှိတွင်လည်း တောင်ကုတ်မြို့ထဲတွင် အပြစ်မဲ့အရပ်သားပြည်သူ ၆ သောင်းကျော်ပိတ်မိနေပြီး နှစ်ဖက် လက်နက်ကိုင်အဖွဲ့များက မြို့အဝင်အထွက်များကို ပိတ်ထားကာ သွားလာခွင့်ကို ပိတ်ထားကြောင်း ဒေသခံများက ပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ