အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူမှုကွန်ရက် Facebook မှ Live လွှင့် သရော်မှုဖြင့် ငါးမင်းဆွေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၉ ရက်နေ့တွင် ကျိုက်ထိုရဲစခန်းက ငါးမင်းဆွေကို လာရောက်ခေါ်ယူသွားခြင်း ဖြစ်ပြီး ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ရဲစခန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောင်း ငါးမင်းဆွေက Live လွှင့်ပြောဆိုသွားသည်။
“ကျနော့်ကို ကျိုက်ထိုရဲစခန်းက စခန်းမှူးက လာခေါ်တယ်။ လာခေါ်ရတဲ့အကြောင်းအရင်းက ကျနော့်ကို ရန်ကုန်၊လှိုင်မြို့နယ်မှာ ၅၀၅ (က) နဲ့ အမှုဖွင့်”ထားပါတယ်တဲ့။ အဲဒီကိစ္စနဲ့ကျနော့်ကို လာခေါ်တာပေါ့ဗျာ။ ခေါ်ပြီးတော့ ကျနော့်ကို ရန်ကုန်ပို့မှာပေါ့။ အဲဒီလောက်တော့ အကြမ်းဖျဉ်းသိရတယ်။ အသေးစိတ်တော့ ကျနော်ဘာမှ မသိဘူး” ဟု ငါးမင်းဆွေက ပြောဆိုသည်။
“ချစ်လှစွာသော မြန်မာများအေးချမ်းကြပါစေ၊ ကျွန်တော် ငါးမင်းဆွေပါ၊ PDF များနှင့်တွေ့ဆုံညှိနှိုင်းပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းစေရမည်၊ ပုံ/ဗိုလ်ချုပ်မှူးကြီး ငါးမင်းဆွေ”ဟု စစ်ဝတ်စုံဝတ်ဆင်ထားသော မင်းအောင်လှိုင်၏ မျက်နှာနေရာတွင် ၎င်း၏ မျက်နှာကို ဖြတ်ညှပ်ကပ်လုပ်၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငါးမင်းဆွေအမည် တင်ခဲ့သည်။
ထို့ပြင် “စစ်ဗိုလ်ချုပ်မှူးကြီးတဲ့ သူ့လက်ထပ်အောင်ပွဲရတဲ့စစ်ပွဲတစ်ပွဲမှ မရှိဘူး”၊ “အစ်ကိုလှိုင်က နိုင်ငံအတွက် ဝင်ငွေ ဘက်ဂျက်တိုးအောင် စီးပွားရေးတော့လုပ်တတ်ပါတယ် တစ်သောင်းတန်တွေရိုက်ထုတ်ပြီးတော့” ၊“ကိုရည်မွန်က တဖြည်းဖြည်းနဲ့ နေပြည်တော်ကို ရောက်လာတော့မယ် အစ်ကိုလှိုင်”၊ “အစ်ကိုလှိုင်က တစ်ရုတ်က ပြန်လာ ရင်တော့ တစ်ကယ်ကြမ်းတော့မှာလို့ ယူဆမိပါတယ်” ဟုဆက်လက်ဗတဖန် ပြောဆိုထားသည်။
လူမှုကွန်ရက် ပို့စ်များကို မင်းအောင်လှိုင်ဓာတ်ပုံများကို ၎င်း၏မျက်နှာဖြင့် ဖြတ်ညှပ်ကပ်အစားထိုး၍ လူမှုကွန်ရက်တွင် အဆက်မပြတ် ပို့စ်များ တင်ခဲ့ပြီး မင်းအောင်လှိုင်၏ ဓာတ်ပုံကို ဖြတ်ညှပ်ကပ်လုပ်၍ လှောင်ပြောင်ထားသည့် ဓာတ်ပုံများကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်လော်ဘီတယ်လီဂရန်ချန်နယ်များ၏ သတင်းဖော်ပြသည်။
၎င်းကို ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် (ပ)၂၇၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ -က အမှုဖြင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှ ငါးမင်းဆွေ(ခ) ဦးမင်းဆွေ( အသက် ၆၇) ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
၂၀၁၈ ခုနှစ် NLD အစိုးရ အာဏာရရှိစဉ် ငါးမင်းဆွေက ၂၀၁၈ မေလ ၁၆ရက်နေ့က လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည့်တန်ဆာ အမျိုးသမီးထက်ပင် ယုတ်ညံ့သည့်အမျိုးသမီး ဖြစ်သည်ဟု ရေးသားထားပြီး တပ်နှင့်ပြည်သူကို သွေးကွဲအောင်လုပ်နေသူ ဖြစ်ကြောင်း ရေးသားခဲ့သည်။
ထိုသို့ ရေးသားသည့်အတွက် ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို ၂၀၁၈ စက်တင်ဘာလတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် (၇) နှစ် ငွေဒဏ် (၁) သိန်းကျခံစေရန် ရန်ကုန်အနှောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။