Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်က ရိုးရာမက္ကလာ (ခမောက်) ရက် လုပ်ငန်းများမှာ ယခုနှစ်အတွင်း ကုန်ကြမ်း ပစ္စည်းများလည်း ဈေးနှုန်း တစ်ဆအထိ မြင့်တက်မှုကြောင့် ရောင်းအား အဆင်မပြေဘဲ ဖြစ်နေကြောင်း ရခိုင်က မက္ကလာရက်လုပ်သူများက ပြောသည်။

ယခုနှစ်တွင် မက္ကလာရက်လုပ်ရန်ကုန်ကြမ်းများ စျေးကြီးသည့်အပြင် မက္ကလာများလည်းရောင်း မထွက်သည့်အတွက် လုပ်ငန်းအဆင်မပြေ ခြင်းဖြစ်သည်ဟု မြောက်ဦးမှ မက္ကလာရက်လုပ်သူ တစ်ဦးကပြောသည်။

“ဒီနှစ် မက္ကလာမှာထည့်သုံးရတဲ့ ပစ္စည်းတစ်ခုချင်းစီကစျေးတက်တယ်။ စျေးတက်ပေမယ့် ပုံမှန်အတိုင်း ရောင်းထွက်ရင်တော့ အဆင်ပြေနိုင်ပါသေးတယ်။ အခုကရောင်း မထွက်ဘူး။ အရင်နှစ်တွေကဆို တစ်ရက်ကို ၁၀ ချပ်လောက်လုပ်တယ်။ ၁၀ ချပ်လုံးရောင်းထွက်တယ်။ တစ်ရက်နေလို့မှ မက္ကလာတစ်ခုမရောင်း ရဘူးဖြစ်နေတယ်။ ” ဟုပြောသည်။

မက္ကလာရက်လုပ်ရာတွင်ထည့်သွင်းအသုံးပြုရသည့် ကြိမ်စျေးမှာ ယခင်နှစ်က အချောင်းရေ ၁၀ဝ ကို ကျပ် ၄၀၀၀၀ ခန့်ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၈၀၀၀၀ ခန့်ရှိနေပြီး ယခင်က ကျပ် ၅၀၀၀၀ ခန့်ရှိခဲ့သည့် သလူအခက်ရေ ၁၀၀ ကို လက်ရှိ ကျပ် ၁ သိန်းခန့်စသည်ဖြင့် အသီးသီးစျေးရှိနေခြင်းဖြစ်သည်။

မက္ကလာများစျေးနှုန်းများမှာမူ ယခင်နှစ်များနည်းတူ ကျဆင်းသွားခြင်းမရှိသော်လည်း မက္ကလာရောင်းအားမှာ သိသိသာသာကျဆင်းသွားကြောင်း မက္ကလာရက်လုပ်သူများကဆိုသည်။

“အရင်နှစ်တွေကဆို မြို့နယ်တိုင်းလိုလိုက ဝယ်ကြတယ်။ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေစသဖြင့်ပေါ့၊ အခုဒီနှစ်ထဲမှာ အဲ့ဖက်တွေက လုံးဝကိုအဝယ်မရှိဘူးဖြစ်သွားတယ်။ ဒီတော့ မက္ကလာစျေးကမကျပေမယ့် ရောင်းအားအရမ်းကျသွားတယ်။ အလုပ်မရှိလို့သာလုပ်နေကြရတာရယ်” ဟုဆိုသည်။

ရခိုင်တွင် မက္ကလာရက်လုပ်ငန်းကို မြောက်ဦးမြို့တွင်အဓိကလုပ်ကိုင်ကြပြီး အခြားသော ရခိုင်က မြို့နယ်များတွင်လည်း မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်း အနေဖြင့် ရက်လုပ်ကြသည့် မိရိုးဖလာရိုးရာလုပ်ငန်း တစ်ခုလည်းဖြစ်သည်။

တစ်ချို့ ရိုးရာ လုပ်ငန်းမှာ ရှေ့ရိုးမစွဲဘဲ ဒီဇိုင်းများပြောင်းလဲ လုပ်ကိုင်မှု၊ ဆန်းသစ်တီထွင်မှုများ ပြောင်းလဲ လုပ်ကိုင်မည်ဆိုပါက အပြောင်းအလဲ တစ်ခု ဖြစ်လာနိုင်ကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက အကြံပေးသည်။

“ရောင်းအားမကောင်းတာ အမျိုးမျိုး မှန်းဆလို့ ရနိုင်ပါတယ်။ ရိုးရာဆိုပေမယ့်၊ ဒီဇိုင်းတွေကို ပြောင်းလဲ လုပ်ကိုင်ဖို့လိုပါတယ်။ ဒီအတွက်လည်း ဈေးနှုန်းတွေက အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ ဥပမာ အိုးလုပ်ငန်းဆိုရင် တရုတ်ဖက်တွေမှာ ဒီဇိုင်းပြောင်းပြီးတော့ လုပ်လာကြတယ်။ အဲ့ဒီမှာ ကြည့်ရင် ရောင်းအား အရမ်းကောင်းတယ်။ ဆန်းသစ်မှုတွေကို လူတွေကြိုက်တယ်။ လုပ်ငန်းလုပ်တဲ့သူတွေ တီထွင်မှုတွေ၊ ဆန်းသစ်မှု လုပ်ဖို့ လိုပါတယ်။ တစ်ချို့ ရိုးရာ လုပ်ငန်းတွေက ဆန်းသစ်တွေလုပ်ဖို့လိုပါတယ်။ ပြောင်းလဲ လုပ်ကိုင်ဖို့လိုတာပေါ့”ဟုပြောသည်။

ယင်းအပြင် တစ်ဖက်တွင် ရောင်းအားကျဆင်းမှုသည် လက်တစ်လော ရခိုင်ပြည်အတွင်း နိုင်ငံရေး မတည်မငြိမ်အခြေအနေနှင့် စစ်ရေးအခြေအနေကြောင့် စားရေးသောက်ရေးကို ပြည်သူများက ပိုပြီး အလေးထားနေရကြောင်းဟု ၎င်းက သုံးသပ်သည်။

လက်ရှိတွင် အဆိုပါမိရိုးဖလာရိုးရာ လုပ်ငန်းမှာလည်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း တည်ငြိမ်မှုမရှိလာသေးသည့် ဒေသအခြေနေကြားတွင် ဒေသတွင်းရှိ တစ်ခြားလုပ်ငန်းများနည်းတူ အဆင်မပြေဖြစ်နေကြရ ခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ