စစ်တပ်၏ အာဏာရှင်စနစ် ဝါဒဖြန့်ချီရေး သင်ခန်းစာများကို ကျောင်းသင်ရိုးအဖြစ် ထည့်သွင်းသင်ကြားရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က စုံစမ်းဖော်ထုတ်ထားသည်။
ယခု လက်ကျန် စာသင်နှစ် သို့မဟုတ် လာမည့် ပညာသင်နှစ်များမှာ စစ်တပ်၏ မတရား စစ်မှုထမ်းဥပဒေ၊ အခြေခံဥပဒေနှင့် အာဏာရှင်ဆန့်ကျင်သော အင်အားစုများကို ပုံဖျက်ရေးဆွဲထားသည့် အကြမ်းဖက် ဥပဒေစသော ဝါဒဖြန့်ဘာသာရပ်များကို စစ်ကောင်စီလက်အောက်က အခြေခံပညာ ကျောင်းသားများ သင်ယူရဖို့ ရှိနေကြောင်း BACS က ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်တွေအတွင်း ရန်ကုန်၊ မကွေး၊ မွန်ပြည်နှင့် ရှမ်းပြည်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားသော မြို့ကြီးများမှာ အခြေခံပညာ အထက်တန်းအဆင့် ဆရာ၊ ဆရာမများကို စစ်တပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အကြမ်းဖက်မှု ဥပဒေများနှင့် ပတ်သက်ပြီး ရက်တိုသင်တန်းများ ပေးနေကြောင်း သိရသည်။
ယင်းသင်တန်းများကို စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ရန်ကုန်မှာ အောက်တိုဘာ ၂၈ က စတင်ခဲ့ကာ အခြေခံပညာ ဆရာ၊ ဆရာမ ၃၀၀ ကျော်တက်ရောက်ခဲ့သည်။
မကွေးမြို့မှာမူ နိုဝင်ဘာ ၂ ရက်က စတင်ခဲ့ပြီး ဆရာ၊ ဆရာမ ၃၀၀ ကျော်နှင့် မွန်ပြည်နယ် မော်လမြိုင်မှာ နိုဝင်ဘာ ၄ ရက်က စတင်ခဲ့ကာ ဆရာ၊ ဆရာမ ၉၈ ဦးတက်ရောက်ခဲ့ကြကြောင်း စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြထားသည်။
သင်တန်းကာလ အနေဖြင့် အချို့သင်တန်းများက ၁၀ ရက်ကြာမြင့်မှာ ဖြစ်ပြီး အချို့သင်တန်းများမှာ ၁၂ ရက်အထိ ကြာမြင့်မည် ဖြစ်ကြောင်း BACS ဖော်ထုတ်စုံစမ်း ရေးသားထားသည်။
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ၊ ကလော၊ ဟဲဟိုးနှင့် ကရင်နီပြည်နယ်ထဲက လွိုင်ကော်မြို့တို့မှာလည်း မှုခင်းအသိပညာပေး သင်တန်းများနှင့် တွဲဖက်ပြီး ဥပဒေပညာဖြန့်ဝေရေးလို့ အမည်တပ်ထားသော ဒီဝါဒဖြန့် သင်တန်းအမျိုးစားများကို အခြေခံပညာ အထက်တန်းကျောင်း အသီးသီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြား စစ်ကောင်စီထိန်းချုပ်ထားသော တိုင်းနှင့် ပြည်နယ်များမှာလည်း မကြာမီ အလားတူသင်တန်းမျိုးများ စတင်အကောင်ထည် ဖော်လာနိုင်ချေရှိကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ဆိုသည်။
ပြည်သူများကို မတရားဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းသည့် ဥပဒေ၊ စစ်တပ်စိတ်တိုင်းကြိုက် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တော်လှန်ရေးအင်အားစုများကို ပုံဖျက်တံဆိပ်ကပ်ထားသော အကြမ်းဖက်ဥပဒေများကို စစ်ကောင်စီက အခြေခံကျောင်းရှိ ဆယ်ကျော်သက်၊ ကလေးငယ်များထံ ဝါဒဖြန့်သင်ကြားရန် ပြင်ဆင်နေခြင်းသာ ဖြစ်ကြောင်း BACS အဖွဲ့က သုံးသပ်ထားသည်။