(စစ်ကောင်စီ နေဗီက ငါးဖမ်းသမားများကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်နေ)
ရခိုင်ပြည် မာန်အောင်မြို့နယ်သို့ စားသောက်ကုန်ပစ္စည်းများအပါအဝင် လူသုံးကုန်ပစ္စည်းများ ကုန်သွယ်ရေးကို အာဏာသိမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက တင်းကျပ်စွာ စစ်ဆေးနေပြီး ဆေးဝါးသယ်ယူခွင့် လုံးဝမပြုတော့ကြောင်း ဒေသခံများထံမှ သိရသည်။
မာန်အောင် ဒေသခံတစ်ဦးက “ဒီလထဲ အရင်ကထက် ပိုပြီး အစစ်အဆေး တင်းကျပ်တယ်။ စစ်ဆေးတာက ကုန်တင်သင်္ဘော အဝင်အထွက်တွေ အဓိက ပါတယ်။ အထုပ်တွေ အကုန်ဖြေချပြီးတော့ကို စစ်တာ။ အရင်ကလည်း စစ်ဆေးတာတွေရှိပေမယ့် အခုလောက်မဆိုးဘူးပေါ့နော်။ ဆေးဝါးဆို လုံးဝယူလို့ မရတော့ဘူး။ ပါလာလို့တွေ့ရင် သူတို့ ယူထားလိုက်ကြတယ်” ဟုပြောသည်။
မာန်အောင်မြို့နယ်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လကစ၍ စစ်ဆေးရေးဂိတ်များနှင့် အင်အားကို နှစ်ဆအထိ တိုးချထားကြောင်းနှင့် ရမ်းဗြဲကျွန်းနှင့်နီးကပ်သည့် ဇေယျကုန်းခင်၊ အနောက်ဇီးတော၊ ခအုန်းမော် ဒေသများတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ တိုးချထားကြောင်း ဒေသခံများက ပြောသည်။
စစ်ဆေးရေးပိုတင်းကျပ်လာခြင်းနှင့်အတူ မာန်အောင်ကျွန်းက ဒေသခံပြည်သူများကို ပင်လယ်ပြင်သို့ ငါးဖမ်းခွင့်မပြုတော့ဘဲ တစ်ပိုင်တစ်နိုင် ငါးရှာစားနေသော ရေလုပ်သားများကို စစ်ကောင်စီ နေဗီများက သေနတ်ပစ်ဖောက် ခြိမ်းခြောက်နေကြောင်း မြို့ခံများက ပြောသည်။
အမည်မဖော်လိုသည့် ရေလုပ်သားတစ်ဦးက “အခုတလော ငါးဖမ်းလှေတွေမြင်ရင် ပစ်တယ်။ အသေပစ်သတ်တဲ့ သဘောနဲ့ကိုပစ်တာ။ ဒါကြောင့် ငါးဖမ်းလည်း မထွက်နိုင်ကြတော့ဘူး။ ကမ်းနီးဝန်းကျင်တစ်လျှောက်ဆို အသွားအလာတွေ ပိုဂရုစိုက်လာကြရတယ်” ဟု ပြောသည်။
မာန်အောင်ကျွန်းတွင် အာဏာသိမ်းစစ်ကောင်စီက စစ်ရေးပြင်ဆင်လျှက်ရှိနေပြီး လေဆိပ်ပြေးလမ်းကိုလည်း တိုးချဲနေကာ ခြံစည်းရိုးကာရံသည်အထိ ပြင်ဆင်မှုများရှိကြောင်း သိရသည်။
မာန်အောင်မြို့နယ်သည် အခြားမြို့နယ်များကဲ့သို့ စစ်ကောင်စီတပ်၏ ပိတ်ဆို့ကန့်သတ်ချက်များကို ခံနေရခြင်းဖြစ်ပြီး လက်ရှိတွင် အင်တာနက်လိုင်းဖြတ်တောက်ခံထားရခြင်းနှင့် ဖုန်းလိုင်းများ မကြာခဏ ဖြတ်တောက်ခံနေရသည်။