Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြိုရိုးရာအဝတ်အထည်များကို ဝယ်ယူသူနည်းပါးလာ၍ ရခိုင်ပြည်အတွင်း မြိုရိုးရာ ရက်ကန်းလုပ်ငန်းများ ရပ်တန့်ထားရကြောင်း မြိုအမျိုးသမီးများထံမှ သိရသည်။

မြိုရိုးရာလက်ရက်ကန်းထည်များကို ဝယ်ယူသူမရှိသလောက် နည်းပါးနေပြီး ရက်ကန်းလုပ်ငန်းများအား ရပ်တန့်ထားသည်ဟု မြောက်ဦးမြို့က မြိုရိုးရာရက်ကန်းထည်များဖန်တီးသူ မြိုအမျိုးသမီးတစ်ဦးက ပြောသည်။

“အဝယ်မရှိတော့ အလုပ်မဖြစ်ပါဘူး။ အထည်တွေ ဒီအတိုင်းပဲ တင်ကျန်နေတယ်။ အရင်ကဆို ဝယ်သူတွေရှိတော့ ရက်ကန်းခတ်တဲ့ သူတွေလည်း အလုပ်ဖြစ်တယ်။ အခုတော့ သူတို့တတွေလည်း အလုပ်လက်မဲ့ဖြစ်နေကြရတယ်” ဟု ပြောသည်။

မြိုရိုးရာ လက်ရက်ကန်းထည်များကို ယခင်က နိုင်ငံခြားသားဧည့်သည်များ၊ တစ်ခြားတိုင်းဒေသပြည်နယ်များမှ လာရောက်ကြသည့် ဧည့်သည်များအပြင် ရခိုင်ပြည် မြို့နယ်အသီးသီးမှ လာရောက်ဝယ်ယူသူများရှိခဲ့ပြီး ရက်မလောက်သည့်အနေအထားဖြင့် ရောင်းအားကောင်းခဲ့ကြောင်း မြိုအမျိုးသမီးများက ဆိုသည်။

လက်ရှိတွင် တိုက်ပွဲအခြေနေများကြောင့် ဒေသတွင်းခရီးသွားဝင်ရောက်မှုမရှိရာမှ ရက်ကန်းထည်များ ရောင်းအားကျဆင်းခဲ့ရကာ ရက်ကန်းလုပ်ငန်းများ ရပ်တန့်ထားရသည်အထိ ဖြစ်လာဟု နောက်ထပ် မြိုအမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်ကဆို နိုင်ငံခြားဧည့်သည်တွေ အမြဲလာဝယ်ကြတယ်။ ရက်ကန်းလုပ်ငန်း အဆင်မပြေတာ ၃ နှစ်လောက်တောင်ရှိပြီ။ ဒါပေမယ့် တိုက်ပွဲမဖြစ်ခင်ကဆို ရန်ကုန်က အမှာရှိလို့အလုပ်ဖြစ်သေးတယ်။ အခုက လမ်းကြောင်းတွေ ပိတ်ထားခံရတော့ ရန်ကုန်ဘက်ကိုလည်း မပို့နိုင်ဘူး။ ဒီအတိုင်းပဲ ရပ်ထားကြရတယ်” ဟု ဆိုသည်။

မြိုရိုးရာ ရက်ကန်းထည်များမှာ ထဘီ၊ ရင်ကတ်၊ ခေါင်းပေါင်း၊ အမျိုးသားဝတ်အင်္ကျီ၊ ခြုံပဝါ၊ လက်ကိုင်အိတ်၊ လွယ်အိတ် စသည်များကို ဒီဇိုင်းများဖော်ကာ ရက်ကန်းစင်ပေါ်တွင် လက်ဖြင့်ရက်လုပ်ကြခြင်းဖြစ်သည်။

မြိုရိုးရာ ရက်ကန်းလုပ်ငန်းကို ရခိုင်တွင် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့တွင် လုပ်ကိုင်ကြပြီး အဆိုပါလုပ်ငန်းမှာ မြိုအမျိုးသမီးငယ်များ၏ အလုပ်ကိုင်အခွင့်အလမ်းတစ်ခုအဖြစ်လည်း ရှိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

preload imagepreload image