Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော ဆင်ဖြူဂိတ်မှ ကုန်သယ်ယူမှုများကို တရုတ်က ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် စတင်ပိတ်ပင်လိုက်ကြောင်း သိရသည်။

အခြားနယ်စပ်ဂိတ်ပေါက်ဖြစ်သော မန်ဝိန်းပေါက်ဂိတ်ကို စစ်ကောင်စီက ပိတ်ထားသဖြင့် ကုန်သည်များအားလုံး အခက်ကြုံနေရကြောင်း မူဆယ်ဒေသမှ ကုန်သည်များက ပြောသည်။

လုပ်ငန်းသုံးမဟုတ်သော သယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်သည့် ခရီးသည်တင်ကား၊ သုံးဘီးဆိုင်ကယ်၊ လက်တွန်းလှည်း စသည့် ယာဉ်များကို ယနေ့မှစပြီး တရုတ်နိုင်ငံတွင်းသို့ ကုန်စည်သယ်ယူပို့ဆောင်ခွင့် မပြုကြောင်းတော့ သိရသည်။

ကြယ်ဂေါင်မှ ပြည်ဝင်ပြည်ထွက်ကုန်များအားလုံးသည် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းမှတစ်ဆင့် ဝင်ထွက်ရမည်ဖြစ်သည်။

မူဆယ် နယ်စပ်ကုန်သည်တစ်ဦးက “မူဆယ်မှာ ဆင်ဖြူဂိတ်ပေါက်က ကုန်စည်သယ်ရမယ့် ဂိတ်ပေါက်မဟုတ်ဘူး။ အရင်ကတော့ နားလည်မှုနဲ့ သုံးဘီဆိုင်ကယ်တွေ လှည်းတွေနဲ့ ကုန်စည်တွေ သယ်ကြတာ။ ဒီမနက် ၈ နာရီမှာ​တော့ တရုတ်ဘက်ကနေ ဘာမှ ပေးမသယ်တော့ဘူး။ ကုန်စည်သယ်ပို့ဆောင်ရေး ဂိတ်ဖြစ်တဲ့ မန်းဝိန်းပေါက်ဂိတ်ကိုလည်း မြန်မာစစ်တပ်က ပိတ်ထားတယ်။ တရုတ်က ဆင်ဖြူဂိတ်ကို ကုန်စည်သယ်ခွင့်မပေးဘဲ လူဝင်ထွက်ခွင့်ပေးတယ်။ မြန်မာစစ်တပ်က မန်းဝိန်း ကုန်စည်သယ်ယူရေးဂိတ်ကို ပိတ်ထားတယ်။ ကုန်စည်တွေ ဘယ်နေရာကမှ သယ်မရဘူး။ အခုတော့ ကုန်သည်တွေလည်း စိတ်ပျက်လက်ပျက် စိတ်လျှော့လိုက်ရပြီ” ဟု ပြောသည်။

လက်ရှိ မူဆယ်မြို့နယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များအားလုံးတွင် စစ်တပ်နှင့် တရုတ်နိုင်ငံက ပိတ်ဆို့မှုများကြောင့် ကုန်စည်အဝင်အထွက် လုပ်မရတော့ကြောင်း၊ လူအဝင်အထွက်ကိုလည်း အထူးစိစစ်ခွင့်ပြုနေကြောင်း ကုန်သည်များက ဆိုသည်။

KIA နယ်မြေက နယ်စပ်ဂိတ်များ၊ TNLA နှင့် MNDAA နယ်မြေများက နယ်စပ်ဂိတ်များကို တစ်ဖက်သတ် ပိတ်ပင်ခြင်းဖြင့် တိုက်ပွဲများရပ်ရန် တရုတ်က ဖိအားပေးနေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ