Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ စစ်ကောင်စီ သံအမတ် ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီး Md Jashim Uddin နှင့် နိုဝင်ဘာ ၁၀ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံစဉ်။ (ဓါတ်ပုံ - BSS)

(ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက နယ်စပ်တစ်လျှောက် လုံခြုံရေးစိုးရိမ်ကြောင်း ပြော)

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Md Jashim Uddin နှင့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ စစ်ကောင်စီ သံအမတ် ဦးကျော်စိုးမိုးတို့ ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးရုံး၌ တွေ့ဆုံခဲ့ကြသည်။

မြန်မာပြည်တွင်း ပဋိပက္ခများကြောင့် နယ်စပ်တလျှောက် လုံခြုံရေးစိုးရိမ်မှုများရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် လှေများကို မော်တာကျည်များဖြင့် ပစ်ခတ်ခဲ့သည်ကို သတိပြုမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Md Jashim Uddin က တွေ့ဆုံပွဲတွင် စစ်ကောင်စီသံအမတ်ကို ပြောကြားခဲ့သည်။

တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်အတွင်း ဆိုးရွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် အငတ်ဘေး ကြုံလာနိုင်သည့် UNDP ၏ လတ်တလော ခန့်မှန်းချက်ကိုလည်း ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ချက်ခြင်းအရေးယူဆောင်ရွက်ကြရန် နိုင်ငံခြားရေး၀န်ကြီးက စစ်ကောင်စီကို တိုက်တွန်းခဲ့သည်။

ရွှေ့ပြောင်းအခြေချ အကျပ်အတည်းအတွက် ဖြစ်နိုင်ချေရှိသော အဖြေလိုအပ်ကြောင်း စစ်ကောင်စီ သံအမတ်က ပြန်လည်ပြောကြားသည်။

စစ်ကောင်စီ သံအမတ် ဦးကျော်စိုးမိုးက “ဒီဖြစ်ရပ်တွေက ဘင်္ဂလားဒေ့ရှ် နယ်စပ်အသိုင်းအဝိုင်းတွေကြား တင်းမာမှုတွေ တိုးလာစေပြီး သူတို့ရဲ့နေ့စဉ်ဘဝတွေကို ထိခိုက်စေပါတယ်” ဟု ဆိုသည်။

အဆိုပါ မငြိမ်မသက်မှုများကြောင့် အတင်းအကျပ် ရွှေ့ပြောင်းမှုများ ပြင်းထန်လာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မကြာသေးခင်က မွတ်ဆလင်များ ဝင်ရောက်လာခဲ့ပြီး ခိုလှုံနေကြသူ ၁.၂ သန်းကျော်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်း မီးမောင်းထိုးပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို ပစ်မှတ်ထား၍ သေနတ်ဖြင့် ပစ်ခတ်သည့် ဖြစ်ရပ်များကိုလည်း မီးမောင်းထိုးပြပြီး ယင်းကဲ့သို့ ထပ်မံမဖြစ်ပွားရေး ကြိုတင်ကာကွယ်ရန် အရေးတကြီး လိုအပ်ကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။

ကော့စ်ဘဇားသို့ မကြာသေးမီက သွားရောက်လည်ပတ်မှုအပေါ် ပြန်လည်သုံးသပ်ရာတွင် တရားဥပဒေစိုးမိုးရေး ယိုယွင်းလာခြင်း၊ ရာဇ၀တ်မှုများ မြင့်တက်လာခြင်းနှင့် စခန်းများအတွင်း အကြမ်းဖက်မှုများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်မှု တိုးလာခြင်းတို့ကြောင့် ဒေသဆိုင်ရာ အရင်းအမြစ်များနှင့် အုပ်ချုပ်ရေးအပေါ် ကြီးမားသော ဖိအားများရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

“စောစီးစွာ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်၏အရေးပါမှုကိုလည်း သူက ထောက်ပြပြီး စခန်းတွင်းရှိ မွတ်ဆလင်များသည် မြန်မာနိုင်ငံသို့ ပြန်လာလိုကြောင်း” နိုင်ငံခြားရေး၀န်ကြီးက ပြောသည်။

နေရပ်ပြန်ပို့ရေး အကျပ်အတည်းအတွက် ဖြစ်နိုင်ချေရှိသော အဖြေတစ်ခု လိုအပ်သည်ကို စစ်ကောင်စီ သံအမတ်ကြီးက အသိအမှတ်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

Ref: dhakatribune.com

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ