Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပြည်ပထွက်ခွာ အလုပ်သွားလုပ်ကြမည့် မြန်မာအလုပ်သမားများအား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများကို အေဂျင်စီများမှတစ်ဆင့် ပြန်လည်ခေါ်ယူပြီး စစ်မှုထမ်းခိုင်းရန် အာဏာသိမ်း စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ပြင်ဆင်နေကြောင်း သိရသည်။

၃ နှစ်ပြည့်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အေဂျင်စီများက ခေါ်ပေးရမည်ဖြစ်ပြီး တာဝန်ယူမခေါ်ပေးနိုင်သော အေဂျင်စီများကို အမည်ပျက်စာရင်းသွင်းကာ လိုင်စင်ပိတ်သိမ်း အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်အကျပ်ကိုင်နေသည်။

ပြည်ပရောက် မြန်မာအလုပ်သမားများအားလုံး ပြန်လာပြီး စစ်မှုထမ်းရေး မေလ ၁၄ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီ၏ ညွှန်ကြားသည့်စာမှာ ယခုရက်ပိုင်းအတွင်း အလုပ်သမားအေဂျင်စီများသို့ တရားဝင် ရောက်ရှိလာခြင်းဖြစ်သည်။

အမည်မဖော်လိုသည့် အေဂျင်စီတစ်ခုက “ခေါ်ပေးတာက ခေါ်ပေးလို့ ရမယ့် မလာတဲ့သူတွေကို ဘယ်လိုမှ အတင်းခေါ်ပေးလို့ မရနိုင်ဘူး။ ကျမတို့အတွက် တော်တော်လေး လုပ်ရကိုင်ရ ကျပ်သွားမှာ။ မခေါ်ပေးနိုင်ရင်လည်း လိုင်စင် အသိမ်းခံရမယ်။ အလုပ်သမားတွေကလည်း စစ်မှုထမ်းဖို့ လာချင်ကြမှာ မဟုတ်ဘူး။ မိသားစု စားဝတ်နေရေးအဆင်မပြေလို့ ပြည်ပမှာ အလုပ်သွားလုပ်နေကြတာလေ။ မိသားစုအဆင်မပြေသေးဘဲ ဘယ်လိုလုပ် ပြန်လာချင်ကြမှာလဲ။ တချို့ဆို အကြွေးတွေနဲ့ သွားနေကြတာလေ။” ဟု ပြောသည်။

အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ အလုပ်သွားလုပ်ကြမည့် မြန်မာနိုင်ငံများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ မတရားချမှတ်ထားသည့် အချက်နှစ်ချက်ကို စာချုပ်တွင် လက်မှတ်ထိုးပေးရသည်။

ပထမ အချက်မှာ ပြည်ပတွင်ရရှိသော လစာ၏ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီလက်အောက်ခံဘဏ်များမှတစ်ဆင့် ပြည်တွင်းသို့ ပြန်လည်လွှဲပြောင်းရန်၊ အခွန်ဆောင်ရန်နှင့် ၃ နှစ်ပြည့်ပြီးပါက စစ်မှုထမ်းဆောင်ရန်အတွက် ပြန်လည်လာရောက်မည်ဆိုသည့် အချက်များဖြစ်သည်။

“ကိုယ်ပို့လိုက်တဲ့ အလုပ်သမားက လစာ ၂၅ ရာခိုင်နှုန်း ပြည်တွင်းကို ပြန်လွှဲဖို့၊ ၃ နှစ်ပြည့်ရင် စစ်မှု ပြန်ထမ်းဖို့ အေဂျင်စီက တာဝန်ယူရမယ်ဆိုတာက အတော်တော့ စိန်ခေါ်မှု ကြီးမားပါတယ်။ အလုပ်သမားအပေါ်မှာ အဓိကပဲ မူတည်ပါတယ်။ ဘယ်လိုလုပ်ပြီး သွားထိန်းချုပ်လို့ရမလဲ။ အေဂျင်စီတွေတော့ ဒုက္ခရောက်မယ့်အပြင် လိုင်စင် အပိတ်ခံရတာတွေ များလာနိုင်တယ်” ဟု နောက်ထပ် ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အကယ်၍ ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာအလုပ်သမားများက ၃ နှစ်ပြည့်သည့်တိုင် စစ်မှုထမ်းရန် ပြန်မလာပါက ပြည်ပသို့ပို့ဆောင်ပေးခဲ့သည့် အေဂျင်စီများက တာဝန်ယူရမည်ဖြစ်ပြီး ပထမဆင့်အနေဖြင့် ၃ နှစ်ပြည့်အလုပ်သမားများကို ပြည်တော်ပြန် စစ်မှုထမ်းရန် မခေါ် ဆောင်နိုင်ပါက ဒဏ်ကြေးဆောင်ခိုင်းခြင်း၊ အလုပ်ခေါ်စာ အသစ်တင်ပြခွင့် ဆိုင်းငံ့ခြင်းနှင့် အေဂျင်စီလိုင်စင်ပိတ်သိမ်းခြင်း၊ အမည်ပျက်စာရင်း ကြေညာခြင်း စသည့် အရေးယူမှု အဆင့်ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီဘဏ်များမှတစ်ဆင့် လွှဲပြောင်းမှု မတင်ပြနိုင်သော ပြည်ပအလုပ်သမား ၅၅၆၆၃ ဦးနှင့် ပို့ဆောင်သော အေဂျင်စီ ၂၉၂ ခုကို စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက တရားဝင်သတိပေးထားပြီး အရေးယူဆောင်ရွက်ရန်ရှိနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ