ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် နတ်မြစ်အတွင်း သွားလာနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးသွားသည့်သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက တုန့်ပြန်သည်။
ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ပင်လယ်အော်အတွင်း နတ်မြစ်ကိုဖြတ်ကျော်ပြီး စိန့်မာတင်ကျွန်းသို့ မောင်းနှင်သွားလာနေသည့် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသော သင်္ဘောနှစ်စင်းနှင့်အတူ သင်္ဘောပေါ်ပါရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို AA ဖမ်းသွားသည်ဟု သတင်းရေးသားနေကြသည်။
ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းကို ကိုးကားပြီး RFA Burmese သတင်းဌာနကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို AA ဖမ်းဆီးသွားသည်ဟု နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။
AA ပြောခွင့်ရ ဦးခိုင်သုခက RFA Burmese တွင် ရေးသားထားသော သတင်းမှာ သတင်းမှားသာဖြစ်ကြောင်းနှင့် AA အနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန်ပြောဆိုထားသည်။
အာရက္ခတပ်တော် AA သည် ရခိုင်ပိုင်နက် နတ်မြစ်အတွင်း တရားမဝင် ငါးဖမ်းနေခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ဖမ်းဆီးပြီး ချက်ချင်း ပြန်လွှတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့ဆောင်ပေးကြောင်း သိရသည်။
နိုဝင်ဘာလ ၅ ရက်နေ့က ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ဝင်ရောက်ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA က ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံသို့ ပြန်လည်လွဲပြောင်းပေးခဲ့ကြောင်း TTN သတင်းဌာနက ဖော်ပြထားသည်။
အောက်တိုဘာလ ၇ ရက်နေ့ကလည်း တရားမဝင် ရခိုင်ပိုင်နက်ရေပြင်ကို ဖြတ်ကျော်ဝင်ရောက်မှုကြောင့် ငါးဖမ်းစက်လှေပေါ်ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို AA က ဖမ်းဆီး ချက်ချင်းပြန်လွှတ်ကာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း BGB (Lieutenant Colonel) ဒုဗိုလ်မှူးကြီး မော်ဟီးအူးဒိန်က ပြောဆိုထားသည်။
အောက်တိုဘာလ ၄ ရက်ကနေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးသည် ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့၏ ဓားပြတိုက်ခြင်းကိုခံရပြီး မော်တော်ဘုတ်ထက်၌ပင် ဖမ်းဆီးလှောင်ပိတ်ကာ ပင်လယ်ပြင်တွင် မျောနေသည်။
အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်က အဆိုပါ ရေလုပ်သားငါးဖမ်းသမား ၁၆ ဦးကို အောက်တိုဘာလ ၇ ရက်နေ့တွင် မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြေအနီး၌ တွေ့ရှိ၍ ကယ်တင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသို့ ချက်ချင်း ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။