နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို လေဆိပ်တွင် သွားကြိုခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ရန်အောင်နေအိမ်ကို ပြင်းအားပျော့မိုင်းဖြင့် ဖောက်ခွဲ သတိပေးခဲ့ကြောင်း Dark Shadow ထံမှ သိရသည်။
ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ဘောက်ထော် မြရတနာလမ်းရှိ ရန်အောင်၏ နေအိမ်ကို ယနေ့ နိုဝင်ဘာလ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် သတိပေး မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့မှ ရဲဘော်ပန်ဒါက ပြောသည်။
ရုပ်ရှင်သရုပ်ဆောင် ရန်အောင်သည် အနုပညာရှင် အမည်ခံသမားတစ်ဦးဖြစ်ကြောင်းနှင့် အာဏာသိမ်းစစ်အုပ်အား ထောက်ခံအားပေးသူဖြစ်သည့်အတွက် ပထမဆုံးအကြိမ် သတိပေးခြင်းဖြစ်သည်ဟု ရဲဘော်ပန်ဒါက ဆိုသည်။
“စစ်တပ်နှင့် စစ်ခေါင်းဆောင်များကို ထောက်ခံအားပေးနေသည့် အနုပညာရှင်ဆိုသူများကိုလည်း သတိပေးလိုကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော နေရာများ၊ စစ်တပ်၊ ရဲ၊ ပျူစောထီးများ၊ အရပ် ဝတ်စစ်သားများ စုဝေးရာနေရာများသို့ မသွားကြရန်နှင့် ဝေးဝေးမှ ရှောင်ရှားသွားလာပေးကြရန်” ဟု Dark Shadow က သတိပေးထားသည်။
သို့သော်လည်း Dark Shadow အဖွဲ့မှ ဖောက်ခွဲသည့် အဆိုပါ ဗုံးကွဲသွားသောနေအိမ်မှာ သရုပ်ဆောင် ရန်အောင်၏ နေအိမ်မဟုတ်ဘဲ ဘေးခြံရှိနေအိမ်ရှေ့တွင် ပေါက်ကွဲခဲ့ခြင်းကြောင်း ဒေသနေပြည်သူများက ပြောဆိုသည်။
“ရန်အောင်ရဲ့ အိမ်ဘေးက နေအိမ်ရှေ့မှာ ဗုံးကွဲတာလို့ သိရတယ်။ အဲနားက အိမ်နံပါတ်တွေတူနေတာ ဗုံးကွဲသွားတဲ့ နေအိမ်က ရန်အောင်အိမ် မဟုတ်ဘူး” ဟု ဆိုသည်။
တရုတ်နိုင်ငံတွင် မဲခေါင်အစည်းအဝေး တက်ရောက်၍ နိုဝင်ဘာလ ၁၀ ရက်နေ့က ပြန်လာသော အာဏာသိမ်း မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒါရိုက်တာ စင်ရော်မောင်မောင်၊ ခန့်စည်သူ၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ မေသဥ္ဇာဦး ၊ ဂျင်းနီ၊ ယုန်လေးနှင့် ဒိန်းဒေါင် စသည့် စစ်တပ်ဘက်တော်သားများက နေပြည်တော်လေဆိပ်တွင် သွားရောက် ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။