ချင်းညီနောင်တပ်ဖွဲ့ဝင်များကို ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် ချင်းညီနောင်စစ်ဆင်ရေးကို နှောက်ယှက်နေသည်ဟုဆိုကာ ချင်းလဲန်းကောင်စီအနေဖြင့် နှစ်ဖက်သဘောတူညီချက်များအပေါ် လိုက်နာဆောင်ရွက်ရန် ချင်းညီနောင်တပ်ဖွဲ့က တိုက်တွန်းနေသည်။
ချင်းပြည်စည်းလုံးရေးနှင့် ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်လိုလားပါက ချင်းလဲန်းကောင်စီအနေဖြင့် နှောက်ယှက်ကျူးလွန်မှုများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် ဆက်လက် ကျူးလွန်နေပါက ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်း သွေးထွက်သံယိုဖြစ်ကြမည်ဟု သတိပေးထုတ်ပြန်ချက်ကို ချင်းညီနောင်တပ်ဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် CNA/CNF ဦးဆောင်သော ချင်းလဲန်းကောင်စီတပ်ဖွဲ့များသည် ချင်းညီနောင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများသို့ ကျူးကျော်လာခြင်း၊ ကင်းထောက်လှမ်းခြင်း၊ ပြည်သူလူထု၏ ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ခြင်း စသည်တို့ကို လုပ်ဆောင်သည်ဟု ဖော်ပြထားသည်။
ထိုကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေက ချင်းညီနောင်အဖွဲ့ဝင် မရာတပ် MDF နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များကြား နှစ်နာရီကြာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချင်းညီနောင်တပ်ဖွဲ့များ၏ ထုတ်ပြန်ပြောဆိုချက်များနှင့် ပတ်သက်၍ ချင်းလဲန်းကောင်စီအနေဖြင့် အမှန်တကယ်ကျူးလွန်ခြင်း ရှိမရှိကို သိရှိနိုင်ရန်နှင့် ထုတ်ပြန်ချက်အပေါ် သဘောထားမှတ်ချက်များ သိရှိနိုင်ရန် CNA/CNF နှင့် ချင်းလဲန်းကောင်စီတို့ကို Western News က ဆက်သွယ်နေဆဲဖြစ်သည်။
ချင်းညီနောင်အဖွဲ့များကမူ ချင်းလဲန်းကောင်စီနှင့်ဖြစ်ပွားနေသည့် ပဋိပက္ခများကို ကြားခံအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကြားဝင်ညှိနှိုင်းပေးသည့်အပေါ် ယနေ့တိုင် လေးစားလျှက်ရှိကြောင်း ပြောဆိုထားသည်။
နိုဝင်ဘာလ ၉ ရက်နေ့ကစပြီး ချင်းပြည်နယ်က မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်တပ်ဖွဲ့ဝင်များမှာ မဟာမိတ်တပ်ဖွဲ့များဖြင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှောက်ယှက်မှုများ မပြုလုပ်ကြရန် ချင်းနောင်အဖွဲ့က တောင်းဆိုထားကြသည်။