မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် စစ်တပ်အရာရှိများနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ လူနေထိုင်ခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက် ရိုက်၍ ရောင်းချနေပြီး သိန်းထောင်သောင်းချီ စီးပွားဖြစ်နေကြောင်း ပြင်ဦးလွင်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်များက ပြောဆိုကြသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထိပ်ပိုင်း တပ်မမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးအဆင့် အရာရှိများနှင့် ဇနီးများက ပြင်ဦးလွင် အိမ်ခြံမြေစျေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး အမိန့်အာဏာဖြင့် မြေကွက်အရောင်းအဝယ်များတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာကြ သိရသည်။
အထူးသဖြင့် လူနေထိုင်ခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက်ရိုက်၍ အုပ်ချုပ်ရေးအဖွဲ့များထံမှ စာရွက်စာတမ်းရယူကာ မြေကွက်များကို ရောင်းချလာကြခြင်းဖြစ်သည်။
ပြင်ဦးလွင်တွင် စစ်တပ်အရာရှိများစွာ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်ကြသည့်အနက်မှ ဗိုလ်မှူး သန်းထွေးဖြူ၊ ဗိုလ်မှူး အောင်ကျော်သက် ဗိုလ်မှူး မောင်အောင်၊ ဗိုလ်ကြီး ဆက်အောင်၊ ဗိုလ်မှူး မျိုးဇင်ထိုက်၊ ဗိုလ်မှူး မောင်မောင်သွင်တို့ ပါဝင်သော အဖွဲ့မှာလည်း ပြင်ဦးလွင် အိမ်ခြံမြေစျေးကွက်တွင် လူနေထိုင်ခွင့်မရှိသော မြေကွက်ကများကို သိန်းထောင်သောင်းချီ ရောင်းဝယ်နေကြကြောင်း ဆိုသည်။
ပြင်ဦးလွင်မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း အရပ်သား ပိုင်ရှင်တစ်ဦးက “ပြင်ဦးလွင်မှာ တပ်အရာရှိတွေ အကုန် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းထောင်ကြတယ်။ ဒါက ခေတ်ရေစီးကြောင်းလိုကို ဖြစ်နေတာ။ တပ်အရာရှိတွေကတော့ နောက်ကွယ်ကနေ ပါတာရှိသလို ရှေ့မှာ ပေါ်တင် လူလုံးပြ ပါကြတာလည်းရှိတယ်။ စစ်တပ်အရာရှိ ကတော်တွေလည်း အိမ်ခြံမြေ လုပ်ကြတယ်။ သစ်တောမြေ၊ ဥယျာဉ်ခြံမြေတွေကို ခြံခတ် အိမ်လေးတစ်လုံး အဖြစ် သပ်သပ်ရပ်ရပ်လေးဆောက် အပင်လေးဘာလေး ထည့်ပြီး ရောင်းကြတာပဲ။ သစ်တောမြေဆိုတာက လူနေခွင့်လည်းမရှိဘူး။ ဒါပေမယ့် တပ်အရာရှိတွေဆိုတော့ သစ်တောကိုလည်း နည်းနည်း ငွေပေး၊ အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ငွေပေးပြီး အရပ်စာချုပ်တွေနဲ့ ရောင်းချနေကြတာ။ အုပ်ကြီးတွေ၊ ထွေ/အုပ်တွေကလည်း ငွေရတော့ မြေကွက် အရောင်းအဝယ် လုပ်လို့ရမယ့် စာရွက် စာတမ်း ထုတ်ပေးကြတယ်။ မြေစာရင်းကလည်း မသိချင်ယောင်ဆောင်ပေးထားတာပဲ။ အဲဒါကြီးက အင်မတန်ကြီးမားတဲ့ Business ကြီးဖြစ်နေတာ။ မြေကွက်တွေကလည်း သိန်း ၁၀၀၀ ဝန်းကျင်ကနေပြီး စပြီးရောင်းဝယ်နေကြတာ။ လုပ်ငန်းလည်ပတ်မှုအနေနဲ့ဆိုရင်တော့ ဒီစစ်တပ်အရာရှိတွေပါနေတဲ့ မြေကွက်အရောင်းအဝယ်က သိန်းထောင်သောင်းချီတယ်” ဟု ပြောသည်။
ပြင်ဦးလွင်တွင် ပြည်သူ့စစ် (ခ) ပျူစောထီး၊ အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ်အရာရှိများက စုပေါင်း၍ အိမ်ခြံမြေ အရောင်းအဝယ်လုပ်ကိုင်ကြရာတွင် အမြတ်အစွန်းကြီးမားသည့်အတွက် ရပ်/ကျေး အခြေပြု ပျူစောထီး လက်နက်ကိုင်အဖွဲ့များ ပိုမိုအင်အားကောင်းလာကြသည်။
စစ်ကောင်စီထိပ်ပိုင်းကလည်း ယင်းသို့ စစ်တပ်အရာရှိများက အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင် စီးပွားရှာလာမှုအပေါ် သိရှိသော်လည်း တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ ဆက်လက် လုပ်ကိုင်ခွင့်ပေးထားကြောင်း သိရသည်။
“အုပ်ကြီးတွေလည်း ကားတဝီဝီနဲ့။ ပြည်သူ့စစ်တွေ ကင်းလှည့်ရင်လည်း ကားတဝီဝီပဲ။ ငွေရပေါက်လမ်းများတယ်လေ။ အရင် အုပ်ကြီးမဖြစ်ခင်က လက်လုပ်လက်စားတွေက အခု တိုက်တွေ၊ ကားတွေ မိန်းမတွေမှာလည်း ရွှေတွဲလွဲ စိန်တွဲလွဲတွေ ဖြစ်ကုန်ကြတယ်။ ၁ နှစ်၊ ၂ နှစ်အတွင်းကို သူဌေးတွေဖြစ်ကုန်ကြတာ” ဟု ပြင်ဦးလွင်မြို့မှ ဒေသသတင်းရင်းမြစ်က ပြောသည်။
ပြင်ဦးလွင်တွင် စစ်တပ်အရာရှိများနှင့် ပူးပေါင်း၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး အခြားတစ်ဖက်တွင်လည်း ပြည်သူ့စစ်(ခ) ပျူစောထီးတပ်ဖွဲ့များ ထူထောင် ထောက်ပံ့နေကြသူများတွင် ထွေ/အုပ်အရာရှိဟောင်း အောင်မောင်၊ ထွေ/အုပ်အရာရှိဟောင်း ကျော်စွာ၊ ရွှေနန်းထိုက်ပိုင်ရှင်၏ သားဖြစ်သူ ဟိန်းထက်၊ အမှတ် ၁၀ ရပ်ကွက် အုပ်ကြီး စိုးသီဟ၊ အမှတ် ၈ ရပ်ကွက် အုပ်ကြီး သန်းဝင်းလှိုင်၊ အမှတ် ၁၇ ရပ်ကွက် အုပ်ကြီး တင်မောင်ဆွေ၊ ကျွဲနွား/ထောက် အုပ်ကြီး ဌေးမြင့်၊ ပျူစောထီးခေါင်းဆောင် ဖိုးဇော်တို့ ပါဝင်ကြောင်း သိရသည်။
ပြင်ဦးလွင်ရှိ လူနေထိုင်ခွင့်မရှိသော သစ်တောမြေ၊ ဥယျာဉ်ခြံမြေ၊ လယ်ယာမြေများတွင် စစ်တပ်အရာရှိများက အကွက်ရိုက်၍ သိန်းရာထောင်ချီ ရောင်းဝယ်နေမှုများသည် တရားဝင်မှုမရှိသော်လည်း သစ်တောနှင့် မြေစာရင်းဌာနက တစ်စုံတစ်ရာ အရေးယူခြင်းမရှိကြောင်း၊ မြေကွက်ကို ပြည်သူများက ဝယ်ယူပြီးမှသာ သစ်တောနှင့် မြေစာရင်းက တရားမဝင်ဟုဆိုကာ ဖျက်သိမ်းမှုများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
(ရန်ကုန်ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဖက်ဖြစ်သည်)