Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာနိုင်ငံအနေဖြင့် ယခင့်ယခင်ထက် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြုံတွေ့ရင်ဆိုင်နေရချိန် နိုင်ငံအတွက်အရေးကြီးသော အခိုက်အတန့်တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် Mr. Michael Dunford ကို ရာထူးခန့်အပ်လိုက်ကြောင်း သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်သစ် Mr. Dunford မှာ ရန်ကုန်မြို့တွင် ရောက်ရှိတာဝန်ထမ်းနေပြီဟု WFP က ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် လူဦးရေပေါင်း ၁၃.၃ သန်း သည် စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရပြီး လူဦးရေ ၃.၅ သန်းနီးပါးမှာ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေရပ်စွန့်စွာတိမ်းရှောင်နေကြရကြောင်း WFP က ပြောသည်။

Mr. Dunford က “မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအချိန်ကို ကျော်ဖြတ်နေကြရပေမဲ့ အံ့ဩရလောက်အောင် ကြံ့ကြံ့ခံနိုင်ရည်နဲ့ မျှော်လင့်ချက်တွေရှိကြတာ တွေ့ရတော့ ကျွန်တော် တကယ့်ကို အထင်ကြီးလေးစားမိပါတယ်။” ဟု ဆိုသည်။

Mr. Dunford ၏ ဦးဆောင်မှုအောက်တွင် WFP သည် ရပ်ရွာလူထုနှင့်အတူ ဒေသခံအဖွဲ့အစည်းများနှင့်လက်တွဲကာ အရေးပေါ်ကယ်ဆယ်ရေး၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဉ်များမှတစ်ဆင့် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၂ သန်းခန့်အား အကူအညီများပေးအပ်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

“လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဝန်ထမ်းတွေအနေနဲ့ ကျွန်တော်တို့ WFP ဟာ ကျွန်တော်တို့ရဲ့ အကူအညီအထောက်အပံ့တွေ နေရာဒေသမရွေးက ထိခိုက်လွယ်ဆုံးလူတွေဆီ အသေအချာရောက်ရှိနိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို ရှာဖွေသွားမှာဖြစ်သလို ဘက်ပေါင်းစုံနဲ့ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမှာလည်း ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

Mr. Dunford ၏ ပထမဦးစားပေးမှာ WFP ၏ ကယ်ဆယ်ရေးအထောက်အပံ့များသည် အရေးပေါ်အကူအညီလိုအပ်နေသူများထံ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ရပ်ရွာလူထုထံသို့ အသေအချာ ရောက်ရှိနိုင်ရေးဖြစ်ကြောင်း ဆိုသည်။

Mr. Dunford ကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် မခန့်အပ်မီ WFP အရှေ့အာဖရိက ဒေသဆိုင်ရာဗျူရို၏ ညွှန်ကြားရေးမှူးအဖြစ် အာဖရိကအရှေ့ပိုင်းရှိ WFP ၏ အထောက်အပံ့လုပ်ငန်းများကို ဦးဆောင်ခဲ့သူဖြစ်ပြီး ၎င်းမှာ ဩစတေးလျနိုင်ငံသားဖြစ်ကြောင်း သိရသည်။

Mr. Dunford သည် WFP တွင် လုပ်သက်၂၅ နှစ်နှင့်အတူ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အတွေ့အကြုံကောင်းများရှိသူဖြစ်ပြီး ၂၀၁၇ ခုနှစ် မွတ်ဆလင်ဒုက္ခသည်အရေးစတင်ချိန်တွင် Cox’s Bazar ၌ WFP ၏ အရေးပေါ်အခြေအနေတုံ့ပြန်ရေး ပေါင်းစပ်ညှိနှိုင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း အကူအညီများမှာ ပဋိပက္ခဒဏ်ခံစားရသူများအတွက် အရေးပေါ်ကယ်ဆယ်ရေး အထောက်အပံ့များအပြင် ကလေးငယ်များ၊ မိခင်များနှင့် HIV/TB ဆေးကုသမှုခံယူနေသူများအတွက် အာဟာရအထောက်အပံ့များပေးအပ်ခြင်း၊ ကျောင်းနေအရွယ်ကလေးငယ်များအတွက် ကျောင်းတွင်း နေ့လယ်စာကျွေးမွေးခြင်းနှင့် ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဉ်များ ပါဝင်ကြောင်း WFP က ပြောသည်။

ဇွန်လမှစတင်ခဲ့သည့် ရေကြီးရေလွှမ်းမိုးမှု တုံ့ပြန်ရေးအနေဖြင့် ရေဘေးသင့်ပြည်သူ လူဦးရေပေါင်း ၃၇၀,၀၀၀ ထံ အရေးပေါ် စားနပ်ရိက္ခာနှင့် အာဟာရအကူအညီများ ပေးအပ်နိုင်ခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်အတွင်း လက်ရှိအချိန်အထိဆိုရပါလျှင် နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၁ ဒဿမ ၇ သန်းခန့်သည် WFP ထံမှ အထောက်အပံ့များ ရရှိခဲ့ပြီး ဖြစ်ကြောင်းလည်း WFP က ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်ပြီး အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိကြောင်းလည်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ