တိုင်းရင်းသားပေါင်းစုံ စုပေါင်းကျင်းပသော တတိယအကြိမ်မြောက် ဖက်ဒရယ်ပွဲတော်ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့ကြသည်။ ထိုပွဲတွင် မြန်မာနိုင်ငံက တိုင်းရင်းသားများ၏ ရိုးရာဝတ်စားဆင်ယင်မှုများနှင့် တိုင်းရင်းအလိုက် ရိုးအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
အဆိုပါ ပွဲတွင် ဂျပန်ရောက် ရခိုင်တိုင်းရင်းသားများကလည်း ရခိုင်ရိုးရာဝတ်စားဆင်ယင်မှုများနှင့် ရိုးရာအကအချို့ကို ဖော်ထုတ်ပြသခဲ့ကြောင်း စီစဉ်သူများက ပြောသည်။
ဖက်ဒရယ်ပွဲတော်တွင် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ရိုးရာအကအချို့ကို ဖော်ထုတ်ပြသနိုင်ခဲ့သည့်အတွက် မျိုးနွယ်စုအလိုက် ဂုဏ်ပြုဝမ်းမြောက်ကြောင်းနှင့် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ဂျပန်) – ANDP ကလည်း ဂုဏ်ယူဝင့်ကြွားကြောင်း ပြောဆိုထားသည်။
ဖက်ဒရယ်ပွဲတော်ကို ဂျပန်ရောက် မြန်မာနိုင်ငံသားများ ဒီမိုကရေစီအင်အားစုများနှင့် နွေဦးတော်လှန်ရေးအဖွဲ့အစည်းများတို့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပွဲတော်တွင် ရိုးရာအစားသောက်များ၊ ရိုးရာကိုပေါ်လွင်စေသည့် အဝတ်အထည်များနှင့် အမှတ်တရပစ္စည်းများကို ရန်ပုံငွေငွေအဖြစ် ရောင်းချကြောင်းလည်း သိရသည်။
ပွဲစီစဉ်သူများထဲတွင်ပါဝင်သူ ကိုသန့်ဇော်ထက် “ရန်ပုံငွေက ကျပ် သိန်းနှစ်ထောင်လောက်ရမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီရန်ပုံငွေတွေကို အခု ကျနော်တို့နဲ့ အတူတကွ ပူးပေါင်းလုပ်ကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ခွဲဝေပေးသွားပါမယ်။ အဲဒီကတစ်ဆင့် တိုင်းရင်းသားမျိုးနွယ်စုအလိုက် ဒေသမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတစ်ဆင့် အကူအညီလိုအပ်နေသူတွေကို လှူဒါန်းသွားပါမယ်။ ထပ်ပြီးတော့ နွေဦးတော်လှန်ရေးနဲ့ ချိတ်ဆက်နေတဲ့ ဗမာအခြေစိုက် ဒေသတွေပေါ့ ဥပမာဆိုရင် စစ်ကိုင်း၊ မကွေး၊ ယော၊ ထားဝယ်တို့လို နေရာမျိုးတွေကို ဖြန့်ကြပ်ပြီးတော့ ပေးသွားဖို့ရှိပါတယ်။
တိုင်းရင်းသားအဖွဲ့တွေကလည်း သူတို့သက်ဆိုင်ရာ ဥပမာ ရခိုင်ဆိုရင် ဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ အဖွဲ့တွေက တစ်ဆင့် အဓိကတော့ စစ်ဘေးရှောင်ပြည်သူတွေ၊ စစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ အခြေခံ အဆောက်အအုံတွေ၊ လိုအပ်နေတဲ့ ဆေးဝါးတွေ၊ နောက်ပြီးတော့ ကလေးသူငယ်တွေအတွက် ပညာရေးအထောက်အပံ့တွေ အဲလိုနေရာတွေမှာ အဓိက ထားပြီးတော့ အသုံးပြုသွားပါမယ်” ဟု ပြောသည်။