ရန်ကုန်မြို့တွင် တက္ကစီ ငှားစီးမိသည့် ခရီးသွား လူငယ် ၃ ဦးကို စစ်သားအဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းသွားကြောင်း ဖမ်းဆီးခံရသည့်လူငယ်များ၏ မိဘများနှင့်ရင်းနှီးသော မိတ်ဆွေများက ပြောဆိုသည်။
အဆိုပါလူငယ် သုံးဦးမှာ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် မရမ်းအုပ်စု ဗောဓိကုန်းကျေးရွာမှ ဖြစ်ပြီး ရန်ကုန်မြို့သို့ သွားရောက်ခဲ့ပြီး ရန်ကုန်မြို့တွင် ကားငှားစီးခဲ့ရာတွင် စစ်သားစုဆောင်းရေးတပ်အတွင်းသို့ ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။
နိုဝင်ဘာလ ဒုတိယအပတ်တွင် ၎င်းလူငယ်သုံးဦးမှာ တက္ကစီကို ငှားရမ်းမိခဲ့ပြီး ယာဉ်မောင်းက ခရီးသွား လူငယ် ၃ ဦးကို လိုရာခရီးမပို့ဘဲ စစ်ကောင်စီတပ်၏ စစ်သားစုဆောင်းရေးတပ်အတွင်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံလူငယ်များနှင့် မိဘများနှင့်ရင်းနှီးသော မိတ်ဆွေများက ရှင်းပြသည်။
“အဲဒီကောင်တွေ ဖမ်းသွားတဲ့အချိန်မှာ အဲဒီလူငယ်တွေရဲ့ မှတ်ပုံတင်တွေ ဘာတွေက အစ အကုန်လုံးပြောင်းပြီးတော့ လုပ်လိုက်တယ်။ စစ်တပ်ထဲ ထည့်ပစ်လိုက်တယ်။ သိတော့ လိုက်တာ လိုက်လို့ မရဘူး။ ထုတ်လို့ မရဘူး” ဟု ဖမ်းဆီးခံရသည့်လူငယ်များ၏ မိဘများနှင့်ရင်းနှီးသော မိတ်ဆွေများက ရှင်းပြသည်။
လူငယ် ၃ ဦး၏ မိသားစုဝင်များက ၎င်းတို့သား ၃ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရ၍ စစ်တပ်အတွင်းမှ ပြန်လည် ထုတ်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ကြောင်း ဖမ်းဆီးခံရသည့်လူငယ်များ၏ မိဘများနှင့်ရင်းနှီးသော မိတ်ဆွေများက ရှင်းပြသည်။
အဆိုပါ ခရီးသွား လူငယ် ၃ ဦးကို ပျူစောထီး တက္ကစီယာဉ်မောင်းက စစ်သားစုဆောင်းရေးတပ်ထံသို့ ရောင်းစားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပန်းတနော်မှ လူငယ် ၃ ဦးသည် တောင်တွင်းကြီးမြို့ရှိ စစ်တပ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံလိုက်ရပြီကြောင်း သိရသည်။
“အဲဒါ Taxi သမားက စစ်တပ်ကို ရောင်းစားပစ်လိုက်တာပေါ့ ။ တောင်တွင်းကြီးကို ရောက်သွားတယ်။ မိဘတွေ သိတော့ သွားလိုက်တဲ့အခါကျတော့ တချို့ပြောတယ် သိန်း ၇၀ ၊ သိန်း ၅၀နဲ့ ပြန်ရွေးရမယ်ပေါ့။ တကယ်တမ်းတော့ ဘာနဲ့မှ ရွေးမရဘူး”ဟုပြောသည်။
အဆိုပါလူငယ် ၃ ဦးကို စစ်တပ်ထံသို့ ပို့ဆောင်ခဲ့သော ယာဉ်မောင်းသည် ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး လူငယ် ၃ ဦးတွင် တစ်ဦးမှာ ဆေးအောင်၍ ရေတပ်တွင် အမှုထမ်းရမည်ဖြစ်ကာ ကျန်လူငယ် ၂ ဦးမှာမူ မည်သည့် တပ်ရင်းသို့ ပို့ဆောင်မည်ကို မသိရှိရသေးပေ။
အဆိုပါ စစ်သားအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ် ၃ ဦးလုံးသည် ဆယ်ကျော် သက်အရွယ် လူငယ်များဖြစ်ကြောင်း သိရှိရသည်။