တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးကို အတိုးမဲ့ချေးငွေဖြင့် အာဏာသိမ်းစစ်ကောင်စီက ချေးယူသွားမည်ဟု တရုတ်နှင့်စစ်ကောင်စီကြား အပြန်အလှန် သဘောတူညီမှုစာချုပ်အရ သိရသည်။
စစ်ကောင်စီ အကောင်အထည်ဖော်မည့် စီမံကိန်းနှစ်ခုအတွက် တရုတ်အစိုးရက အတိုးမဲ့ချေးငွေ ထုတ်ပေးမည်ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီက အချက်အလက်စင်တာ စီမံကိန်း (e-GIDC- e-Government Integrated Data Center Project) နှင့် မော်တော်ယာဉ်များကို မှတ်ပုံတင်သည့် နည်းပညာစနစ် (RFID- Developing Vehicle Registration by Radio Frequency Identification System) စီမံကိန်းတို့ကို အကောင်အထည်ဖော်မည်ဖြစ်သည်။
e-Government အချက်အလက်စင်တာ စီမံကိန်းအတွက် China EXIM Bank က အမေရိကန်ဒေါ်လာ ၁၀၄ ဒသမ ၂၄ သန်းကို တရုတ်အစိုးရက ထုတ်ချေးမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းသည် နေပြည်တော်နှင့် ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် အချက်အလက်စင်တာ တည်ဆောက် ကောက်ခံသွားမည်။
မော်တော်ယာဉ်များကို မှတ်ပုံတင်သည့် နည်းပညာစနစ် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၁၄ သန်း ထုတ်ချေးကာ ပြည်နယ်နှင့်တိုင်း နေရာ ၁၅ ခုတွင် စင်တာများ တည်ဆောက်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်း ၂ ခုစလုံးသည် NLD အစိုးရလက်ထက်တွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီလက် ထက်တွင် ပြည်ပမှ ကူညီမည့်သူမရှိ၍ ရပ်နားထားရရာကနေ ယခုအခါ တရုတ်အစိုးရ၏ China EXIM Bank က ပေးအပ်မည့် အတိုးမဲ့ချေးငွေဖြင့် စီမံကိန်း ပြန်လည် စတင်နိုင်မည်ဖြစ်သည်။
သတင်းရင်းမြစ်က ” e-GIDC စီမံကိန်းနဲ့ RFID စီမံကိန်း ၂ ခုက ချိတ်ဆက်မယ့် စီမံကိန်းတွေဖြစ်ပါတယ်။ လုပ်မယ့်လုပ်ငန်းစဉ်က ကားတွေကို တစ်နိုင်ငံလုံး ၁၅ နေရာမှာ RFID registration လုပ်ပြီး e-GIDC စင်တာနဲ့ ချိတ်ဆက်မှာဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ e-GIDC စီမံကိန်းနှင့် RFID စီမံကိန်း သည် အစိုးရအချင်းချင်း (G2G) အကူအညီပေးသည့် စီမံကိန်းဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားရေးဆက်ဆံရေးဗျူရို (MIFER-FERD) နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဗျူရို (MOTC-ITCSD) တို့က အကောင်အထည် ဖော်နေခြင်းဖြစ်သည်။