မွတ်ဆလင်များ နေရပ်ပြန်ရေး ဖြေရှင်းရာမှာ အာရက္ခတပ်တော် AA ရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရမှာဖြစ်သလို လျစ်လျူမရှုဖို့လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး မစ္စတာ တောင်းဟစ် ဟော့ဒ်ဆန်က ပြောသည်။
ဘင်္ဂလားဒေ့ရှ်ကို ရောက်လာကြသည့် မွတ်ဆလင်များကို နေရပ်ပြန်ပို့နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာအစိုးရတို့ကြား သဘောတူညီမှု ပြုလုပ်ခဲ့ကြသည်။
သို့သော်လည်း လက်ရှိ ၈ နှစ်ကြာလာသည်အထိ နှစ်နိုင်ငံအနေဖြင့် သဘောတူညီချက်များကို ပြည့်ပြည့်ဝဝ အကောင်အထည်မဖော်နိုင်သေးကြောင်း ၎င်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေးသိပ္ပံ (BISS) မှာ နိုဝင်ဘာလ ၂၃ ရက်နေ့က မွတ်ဆလင်အရေး ဖြေရှင်းရေးဆွေးနွေးပွဲမှာ မစ္စတာ တောင်းဟစ် ဟော့ဒ်ဆန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
“၂၀၁၇ ခုနှစ်ကနေ စပြီး ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံက ဖိနှိပ်မှုတွေများက ထွက်ပြေးလာတဲ့ မွတ်ဆလင်ဒုက္ခသည် တစ်သန်းကျော်ကို ခိုလှုံစေခဲ့ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်တော့ ကြီးမားတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးဖိအားတွေ ဖြစ်ပေါ်စေခဲ့ပါတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် AA ကို တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများ ပြုလုပ်၍ မရသော်လည်း မွတ်ဆလင်အရေး ဖြေရှင်းရာတွင် AA ကို လျစ်လျူရှုခြင်းသည် လက်တွေ့မဆန်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အနေဖြင့် AA နှင့် စကားပြောသင့်သည်ဟု မစ္စတာ တောင်းဟစ် ဟော့ဒ်ဆန်က တိုက်တွန်းထားသည်။
“မွတ်ဆလင်အရေးကို ဖြေရှင်းဖို့ မြန်မာနိုင်ငံက (စစ်ကောင်စီ) ညှိနှိုင်းရေးစားပွဲကို လာဖို့လိုတယ်။ တကယ်လို့ မြန်မာအနေနဲ့ ငြင်းဆန်ရင် အကျိုးဆက်တွေ ရှိမယ်။ ဒီကိစ္စကို ဖြေရှင်းဖို့က သူတို့ရဲ့ အကောင်းဆုံး အကျိုးစီးပွားဖြစ်ပြီး ဖြေရှင်းနိုင်ခြေ ပိုများစေမယ့် အခြေအနေတွေ ဖန်တီးရမှာပေါ့။ ရခိုင်မှာ AA မပါဝင်ဘဲနဲ့ ဗဟိုအစိုးရက မဖြေရှင်းနိုင်ဘူး။ သူတို့ရဲ့ အခန်းကဏ္ဍကို လျစ်လျူရှုလို့ မရပါဘူး” ဟု ပြောသည်။
မွတ်ဆလင်အရေး ဖြေရှင်းရာမှာ မြန်မာစစ်ကောင်စီနှင့် ဆက်လက် သဘောတူစာချုပ်များ လက်မှတ်ထိုးခြင်းကို မပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပြုထားသည်။
၂၀၁၇ ခုနှစ်က မြန်မာစစတပ်ကြောင့် မွတ်ဆလင် သန်းချီ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသလို လက်ရှိ ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲများကြောင့်လည်း မွတ်ဆလင် သောင်းချီ ထွက်ပြေးသွားကြကြောင်း သိရသည်။
Ref: dhakatribune