ရခိုင်ပြည် မြို့တော် စစ်တွေမြို့အခြေစိုက် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ စစ်တွေမြို့တရားစီရင်ရေး ကန့်သတ်ခံထားရကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များထံမှ သိရသည်။
ALP သည် အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားသော ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ပြည်နယ်မြို့တော် စစ်တွေမြို့မှာ အခြေစိုက်ကာ မြို့၏တရားစီရင်ရေး အချို့ကို တာဝန်ယူဖြေရှင်းပေးနေသည်။
အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ၂၀၂၃ တကျော့ပြန်တိုက်ပွဲစတင်ပြီးကတည်းက ရခိုင်ပြည်မြို့တော် စစ်တွေမြို့၏ စစ်ကောင်စီ တရားစီရင်ရေးမှာ ယိုယွင်းပျက်စီးလာသည်။
စစ်တွေမြို့အနီးက ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့တို့ကို AA သိမ်းပိုက်ပြီးနောက် မြို့တော်အတွင်း ဝန်ထမ်းအင်အား လျော့နည်းလာခြင်းနှင့် ပြည်သူများ၏ ယုံကြည်မှုနည်းပါးခြင်းတို့ကြောင့် စစ်ကောင်စီ တရားစီရင်ရေးမှာ လုံးဝ လည်ပတ်မှုမရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
မြို့ခံတစ်ဦးက “စစ်တွေမှာ စစ်ကောင်စီ တရားစီရင်ရေးက မရှိသလောက်ဖြစ်သွားပါပြီ။ ဘာအမှုပဲရှိရှိ ပြည်သူတွေက သွားမတိုင်ကြတာများပါတယ်။ စစ်ကောင်စီက ပြည်သူတွေကို မတရားဖမ်းထားတဲ့ အမှုလောက်သာ တရားရုံးမှာ၊ ရဲစခန်းတွေမှာ တွေ့ရပါတယ်။ အရပ်သားတွေကတော့ ALP ကို သွားတိုင်ကြတာများပါတယ်။ ALP ကို ငွေပေးရရင်လည်း အမှုဖြေရှင်းတာ မြန်ဆန်တာကြောင့် ပိုတိုင်ကြားကြတယ်ထင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကစတင်ပြီး စစ်တွေမြို့တွင် ပြည်နယ်စစ်ကောင်စီ၏ တရားစီရင်ရေးနေရာတွင် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ALP ၏ တရားစီရင်ရေးက ပိုမိုကြီးထွားလာကြောင်း မြို့ခံများက ပြောဆိုကြသည်။
ထိုအခြေအနေကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ပါမပါ မသိရသော်လည်း ဦးထိန်လင်းဦးဆောင်သော ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့က ဒေါ်စောမြရာဇာလင်းအား သတိပေးထားကြောင်း ခိုင်လုံသော သတင်းရင်းမြစ်က ပြောသည်။
“ဒေါ်စောမြရာဇာလင်းက ပြီးခဲ့တဲ့ အပတ်လောက်က အိန္ဒိယခရီးစီးအပြီး စစ်တွေမြို့ကို ရောက်လာတယ်။ အဲဒီအချိန်မှာ နယ်လုံဝန်ကြီးအပါအဝင် ဦးထိန်လင်းဦးဆောင်တဲ့ ပြည်နယ်စစ်ကောင်စီအဖွဲ့က ခေါ်ယူသတိပေးတယ်။ ALP အနေနဲ့ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်အနှံ့ ဘယ်နေရာမှာမဆို တရားစီရင်ရေးကဏ္ဍကို မလုပ်ရဘူးလို့ ပြောတယ်။ ဘယ်အမှုကိုမှ ဖြေရှင်းဆောင်ရွက်တာမျိုး မလုပ်နဲ့ သတိပေးခံရတယ်” ဟု ပြောသည်။
စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားသည့် ALP အဖွဲ့အနေဖြင့် မည်သို့မျှ တုန့်ပြန်ပြောဆိုဆောင်ရွက်နိုင်ခြင်းမရှိ၍ လက်ခံရုံမျှအပ မတတ်နိုင်သည့်အတွက် စစ်တွေမြို့တွင်း ALP ၏ တရားစီရင်ရေးမှာ မရှိတော့ကြောင်း အမှုအပ်နေကြသည့် မြို့ခံများက Western News ကို ပြောဆိုကြသည်။
ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သည် ယခုကဲ့သို့ ကန့်သတ်မခံရမီက စစ်တွေမြို့တွင် ခိုးမှု၊ လုယက်မှု၊ အကြွေးတောင်းယူသည့် ကိစ္စ၊ လူသတ်မှု၊ မုဒိမ်းမှု၊ ပိုက်နက်ကျူးကျော်မှု၊ အိမ်အရောင်းအဝယ်ကိစ္စ၊ အိမ်ပိုင်ဆိုင်မှုကိစ္စ၊ စားသောက်ဆိုင် ခွင့်ပြုရေးကိစ္စ စသဖြင့် ဆိုင်ကယ်၊ ကား လိုင်စင် ခွင့်ပြုပေးသည်အထိ ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် ALP သည် အမှုများကို မတရားစီရင်ဖြေရှင်းသည့် သတင်းနှင့် လက်နက်များဖြင့် ခြိမ်းခြောက်ကာ အကြွေးတောင်းယူသည့် သတင်းမှာ ပိုမိုကြီးထွား ပျံ့နှံ့ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိ စစ်တွေက ALP မှာ တရားစီရင်းရေးနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့၏ ကန့်သတ်ခြင်းကို ခံထားရခြင်းဖြစ်သည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ဒေါ်စောမြရာဇာလင်း အပါအဝင် ALP ၏ ပြောရေးဆိုခွင့်ရှိသူကို Western News က ဆက်သွယ်နေဆဲဖြစ်ပြီး လတ်တလောတွင် ဆက်သွယ်၍ မရရှိသေးပေ။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှာ အဖွဲ့ကွဲအနည်းဆုံး ၃ ဖွဲ့ထက်မကရှိပြီး ယင်းအထဲက ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP အဖွဲ့ကွဲတစ်ခုမှာ အာဏာသိမ်း စစ်ကောင်စီ ဆက်လက်ပူးဆောင်ရွက်နေကြောင်းနှင့် လက်ရှိတွင် စစ်တွေမြို့ စက်ရုံစုရပ်ကွက်၌ ရုံးစိုက်ထားသည်။