Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယာယီသမ္မတ ဒူးဝါးလရှီလကို မြန်မာပြည်ထဲက ရှေ့တန်းစစ်မျက်နှာပြင်တစ်ခုတွင် တွေ့ရစဉ်။

အဝေးရောက်အစိုးရ မဖြစ်စေရန် ပြည်ပရောက်ရှိနေကြသော NUG အစိုးရအဖွဲ့ဝင်များအားလုံး မြန်မာပြည်ထဲသို့ ပြန်သွားကြရန် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အစိုးရအဖွဲ့ ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း ယာယီသမ္မတ ဒူဝါလရှီးလက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သတိချပ်ဖို့ လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေစိုက်ရပါတယ်။ ကျွန်တော်တို့ အန်ယူဂျီအစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို့ မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအားလုံး အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက်တွေ့ကျကျ လုံ့လထုတ်စေချင်ပါတယ်” ဟု ပြောသည်။

နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီပြောနိုင်သလို အချိန်ပေးသင့်တာထက် ပိုပြီးပေးခဲ့ပြီးပြီဖြစ်ကြောင်းလည်း ဒူဝါလရှီးလက ဆိုသည်။

နွေဦးတော်လှန်ရေးသည် လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဖြစ်သဖြင့် ယခင်က လုပ်ရိုးလုပ်စဉ်များအတိုင်း သွား၍မရတော့ကြောင်းနှင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရမည်ဟု NUG ယာယီသမ္မတက‌ ပြောသည်။

“တချိုကလည်း အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ချက်တွေ ရှိနေတာတွေ့ရပါတယ်။ တကယ်တော့ တော်လှန်ရေးဆိုတဲ့ အနက်သဘောကိုယ်၌က အပြောင်းအလဲကို ဖော်ဆောင်ခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အားလုံး သတိရဖို့ လိုပါတယ်။ အခုဆိုရင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာန အသီးသီးက သက်ဆိုင်ရာ ကဏ္ဍနယ်ပယ်အလိုက် လုပ်ရမယ့် မဟာဗျူဟာ ဆွေးနွေးချက်တွေကို လုပ်နေတာရှိပါတယ်။ ကျွန်တော်တို့ဟာ လာမယ့် ၂၀၂၅ ခုနှစ်အတွက်လည်း ကြိုတွက်ပြီး ပြင်ထားဖို့ လိုသလို ၂၀၃၀ လောက်အထိ အကြမ်းဖျင်း တွက်ချက်ပြီး ချိန်ဆလုပ်ဆောင်တာတွေလည်း ရှိသင့်တယ်လို ထင်ပါတယ်” ဟု ဆိုသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးတွင် တရုတ်နိုင်ငံ၏ ဖိအားများရှိနေကြောင်း၊ ယင်းဖိအားကို လျစ်လျူရှုမရဘဲ တရုတ်မှီခိုနေရမှုများရှိနေကြောင်း၊ တရုတ် လွှမ်းမိုးမှု မခံရစေရေးအတွက် မည်သို့ ဆက်လုပ်မည်ကို စဉ်းစားချက်များရှိထားရန် အရေးကြီးကြောင်းလည်း ယာယီသမ္မတက ပြောသည်။

ဆက်စပ်သတင်းများ