ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ထိန်းချုပ်ထားသော ပလက်ဝဒေသမှာ အာရက္ခပညာရေးစနစ် ဖော်ဆောင်ပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် သင်ကြားနိုင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်စကားကို အခြေခံသော သင်ရိုးညွှန်းတန်းကို ရေးဆွဲနေပြီး ရခိုင်သမိုင်း၊ ယာဉ်ကျေးမှုများကို သင်ကြားရန် ပါဝင်ကြောင်းလည်း ပလက်ဝဒေသခံများက ပြောဆိုကြသည်။
အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက “အာရက္ခပညာရေးစနစ်က သင်ရိုးရေးဆွဲနေတာ ကြာပါပြီ၊ ဒီနှစ်မှာ အကုန်လုံး ပြီးမယ်လို့ ပြောနေကြတယ်။ ပုံနှိပ်တာတောင် ပြီးမယ်လို့ ပြောတယ်။ ရခိုင်စကား၊ ရခိုင်စာပေကို အခြေခံထားတယ်လို့ သိရပါတယ်။ သင်ရိုးကိုတော့ ကျနော်လည်း မမြင်ဖူးသေးပါ” ဟု ပြောသည်။
အာရက္ခပညာရေးစနစ် ဖော်ဆောင်နေခြင်းမှာ ပလက်ဝဒေသတစ်ခုတည်းမဟုတ်ဘဲ ULA/AA ထိန်းချုပ်ရာဒေသများ အားလုံးအတွက် အကျုံးဝင်ကြောင်းနှင့် သင်ကြားရေးကို အကောင်အထည်ဖော်ပါက တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နိုင်ကြောင်းလည်း အာရက္ခပညာရေးစနစ်နှင့် နီးစပ်သည့် ပညာရေးအသိုင်းအဝိုင်းက ပြောသည်။
ရခိုင့်ပညာရေးအသိုင်းအဝိုင်းထဲက တစ်ဦးက “ရခိုင်မှာ ဗမာစာကို အစားထိုးဖို့ ပညာရေးကဏ္ဍကို ဖြည့်ဖို့ ULA/AA ဟာ ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်ကနေ စီစဉ်နေကြတာပါ။ လူငယ်ပညာရေးဝန်ထမ်းတွေကို အဓိက ဆွဲခေါ်ပြီး ကျောင်းအုပ်တွေ၊ ပညာရေးမှူးတွေနဲ့ အငြိမ်းစားပညာရေးဝန်ထမ်းတွေကို စုပြီး လုပ်နေကြတာပါ။ အခုက ပြီးသလောက်ဖြစ်သွားပြီပေါ့လေ။ အဲဒီတော့ လာမည့် ၂၀၂၅ နှစ်ကျရင် ရခိုင်ပြည်အတွင်း ပညာရေးအခန်းအကဏ္ဍက အားလုံးအဆင်ပြေသွားမယ် ထင်တာပါပဲ” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့များထဲက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့မှာသာ စာသင်ကျောင်းများဖွင့်လှစ်ပြီး ဗမာစကားကို အခြေခံသော မြန်မာစာကို သင်ကြားပေးလျှက်ရှိသော်လည်း အာရက္ခတပ်တော် AA ထိန်းချုပ်ရာနယ် မြေများတွင် ဆရာ၊ ဆရာမများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အာရက္ခပညာရေးစနစ်ကို အစပျိုးနေကြပြီဟု စုံစမ်းသိရသည်။
ULA/AA ၏ အာရက္ခပညာရေးစနစ်က ရခိုင်ပြည်ထဲတွင် အဆင်ပြေချော့မွေ့နေသော်လည်း ပလက်ဝဒေသတွင် သဘောမတွေ့သူများလည်းရှိနေကြောင်း ချင်းလူမှုအသိုင်းအဝိုင်းက ပြောဆိုကြသည်။
“ပလက်ဝဒေသက နည်းနည်းရှုတ်ထွေးတာ အားလုံးလည်း သိကြမှာပါ။ ချင်းတွေပဲ ပိုင်သလိုလို ရခိုင်တွေပဲ ပိုင်သလိုလို အဲလိုအချိန်မှာ အာရက္ခပညာရေးစနစ် ကျင့်သုံးမယ်ဆိုရင်တော့ သဘောမတွေ့တဲ့သူတွေလည်း ရှိကြပါတယ်။ အထူးသဖြင့် ခူမီးတွေပေါ့နော်။ တခြားချင်းမျိုးနွယ်စုတွေကလည်း သိပ်သဘောမကျကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာရက္ခပညာရေးစနစ်က ရခိုင်စကားနဲ့ပဲ လွှမ်းမိုးလာမှာဆိုတော့လေ” ဟု ချင်းလူငယ်တစ်ဦးက ခံစားချက်ပြောပြသည်။
အာရက္ခပညာရေးစနစ်ကို အကောင်အထည်ဖော်နေသော အဖွဲ့ထဲက ဦးဆောင်သူအချို့သည် ပလက်ဝဒေသသို့ ပြီးခဲ့သည့် ၅ လကျော်ကတည်းက ကွင်းဆင်းသွားပြီး လက်ရှိတွင် ဒေသခံ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်း အငြိမ်းစားများအား စည်းရုံးကာ ပူးပေါင်းဆောင်ရွက်နေကြကြောင်း စုံစမ်းသိရသည်။
အာရက္ခပညာရေးစနစ် အကောင်အထည်ဖော်ရေး အစီအစဉ်နှင့်ပတ်သက်ပြီး သိရှိနိုင်ရန် ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်နေဆဲဖြစ်သည်။
အာရက္ခတပ်တော် AA အနေဖြင့် လက်ရှိတွင် ရခိုင်ပြည်ထဲက ကျန်ရှိနေသေးသည့် စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့များကို ဆက်လက်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် ရခိုင်ပြည်သူများအတွက် အပြောင်းအလဲကြီးတစ်ခု ယူဆောင်လာမည်ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်တကွ တာဝန်ယူရှိသူများအားလုံးက ကြွေးကြွော်ထားကြသည်။