မွတ်ဆလင်များ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးရန် နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရှေ့နေချုပ်က ဖမ်းဝရမ်းလျှောက်ထားလိုက်ပြီး လပိုင်းအတွင်း ဖမ်းဆီးရန် ဝရမ်းထွက်ရှိလာနိုင်သည်ဟု သိရသည်။
နိုင်ငံတကာရာဇဝတ်တရားရုံး ICC ၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် လျှောက်ထားလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်း ထုတ်ပြန်ထားသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်အတွင်း အကြမ်းဖက် သတ်ဖြတ်မှုများနှင့် မြန်မာနိုင်ငံမှ မွတ်ဆလင်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ခွာလာမှု နောက်ဆက်တွဲ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခဲ့ကြောင်း ဆိုသည်။
ကျယ်ကျယ်ပြန့်ပြန့် လွတ်လပ်ပြီး သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုအပြီး မြန်မာစစ်တပ်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ရာဇဝတ်မှုကျူးလွန်သည်ဟု ICC တရားရုံးက ဆုံးဖြတ်ကောက် ချက်ချခဲ့ကြသည်။
မြန်မာစစ်တပ်က မွတ်ဆလင်များကို ညှဉ်းပန်းသတ်ဖြတ်မှုများနှင့် နှင်ထုတ်မှုများကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ကျူးလွန်ခဲ့ကြောင်း ICC က ထုတ်ပြန်သည်။
ICC တရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားမှုသည် အဆိုပါ အမှုအတွက် ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားချက်ဖြစ်ပြီး နောက် ဆက်တွဲများ ထပ်မံ လာဦးမည်ဖြစ်ကြောင်း သိရသည်။
မွတ်ဆလင်အရေး ဦးဆောင်လှုပ်ရှားသူ ရိုနေဆန်းလွင်က “အခုက ICC တရားရုံးမှာ စုံစမ်းစစ်ဆေးပြီး တရားစွဲပြီးလို့ ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်လို့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်တာ။ လပိုင်းလောက်ပဲ ကြာလိမ့်မယ်။ ဖမ်းဝရမ်းက။ ဒါက ရိုဟင်ဂျာအမှုတစ်ခုတည်းအတွက်ပါ” ဟု ပြောသည်။
မင်းအောင်လှိုင်အား ယနေ့ ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားသော လျှောက်လွှာတွင် သက်သေအများအပြား၊ စာရွက်စာတမ်းအထောက်အထားများနှင့် စစ်မှန်သောသိပ္ပံ နည်းကျ၊ ဓာတ်ပုံနှင့် ဗီဒီယိုပစ္စည်းများအပါအဝင် သက်သေထွက်ဆိုချက်များပါဝင်ကြောင်း ပြောဆိုထားသည်။