Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွေ့ခံလိုက်ရသည့် ရခိုင်ပြည် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူမရှိ၍ စားသောက်ရေး၊ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများဖြင့် ကြုံတွေ့နေရသည်ဟု မိသားစုဝင်များထံမှ သိရသည်။

ပြောင်းရွေ့ခံရသည့် အကျဉ်းသားများမှာ အကျဉ်းထောင်မှကျွေးသည်လောက်နှင့်သာ စားရသည့်အတွက် တစ်ခြားလိုအပ်ချက်များနှင့်ပတ်သက်၍ မည်သူ့ကိုမျှ အားကိုးစရာမရှိဘဲ ဖြစ်နေရသည်ဟု ပြောင်းရွေ့ခံ အကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ကျမ ရန်ကုန်မှာရှိနေတော့ ပုသိမ်ဘက်ကိုကူးပြီး အစ်ကိုဖြစ်သူကို ထောင်ဝင်စာသွားတွေ့ခဲ့တော့ အခြေနေတွေသိခဲ့ရတာပါ။ အကျဉ်းသားတစ်ယောက်အတွက် မိသားစုဝင်တွေရဲ့ ထောင်ဝင်စာတွေ့ဖို့ အခွင့်အရေးဟာ လိုအပ်တယ်ပေါ့နော်။ ကျမလည်း ကျမဝင်ငွေလေးနဲ့ ပုသိမ်နဲ့ရန်ကုန်ကို အကူးအပြောင်းအမြဲမလုပ်နိုင်ဘူး။ အခုထောင်ဝင်စာတွေ့နိုင်ဖို့ အခွင့်အရေးကမရှိတော့ သူတို့တွေအတွက် အစားအသောက်၊ ကျန်းမာရေးအပါဝင် တစ်ကိုယ်ရည်လိုအပ်ချက်တွေမှာ အခက်ခဲရှိကြတယ်လို့ သိခဲ့ရတယ်” ဟု ပြောသည်။

စစ်တွေအကျဉ်းထောင်မှ အကျဉ်းသားများကို စစ်ကောင်စီက ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယအပတ်က နှစ်သုတ်ခွဲ၍ အကျဉ်းသား ၆၀၀ ထက်မနည်းကို ရန်ကုန်နှင့် ပုသိမ်ဘက်သို့ ပြောင်းရွှေ့ခဲ့သည်။

ယင်းအထဲတွင် DMG သတင်းထောက် ကိုထက်အောင် အပါအဝင် ဗျိုင်းဖြူရွာသား ၂၀၀ ခန့်မှာလည်း ပါဝင်သွားပြီး စစ်တွေ ကိုရီးယားဆိပ်ကမ်းနှင့် အိန္ဒိယဆိပ်ကမ်းကတစ်ဆင့် စစ်သင်္ဘောများဖြင့် ခေါ်ယူသွားခြင်းဖြစ်သည်။

အကျဉ်းသားများ ထိုကဲ့သို့ ပြောင်းရွေ့ခံရပြီးနောက်ပိုင်း မိသားစုဝင်များမှာ များစွာစိတ်ထိခိုက်ခဲ့ကြရကာ လက်ရှိတွင်လည်း ပြောင်းရွေ့ခံအကျဉ်းသားများနှင့် ပတ်သက်၍ ထောင်ဝင်စာတွေ့နိုင်သည့် အကူညီများရနိုင်ရန် မျှော်လင့်လျှက်ရှိနေကြသည်။

“ကျမတို့ ဒီက တတ်နိုင်သလောက် စုံစမ်းကြပါတယ်။ ပြောင်းတဲ့ထောင်ကို သိရတယ်။ ဒါပေမယ့် သွားတွေ့လို့ မရနိုင်ဘူးလေ။ ကျမတို့မှာ တစ်နေ့စားဖို့အရေးတောင် အနိုင်နိုင်ရယ်။ ပြီးတော့ အဲ့ဒီပတ်ဝန်းကျင်မှာ ဘာအသိမိတ်ဆွေမှ မရှိဘူး။ ထောင်ဝင်စာတွေ့နိုင်ဖို့ အကူညီတွေရရင်တော့ လိုချင်ပါတယ်” ဟု လက်ရှိ စစ်တွေမြို့တွင် စစ်ဘေးရှောင်အဖြစ်နေထိုင်လျှက်ရှိနေသည့် ဗျိုင်းဖြူကျေးရွာသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

လတ်တလော ဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီမှ စစ်တွေအကျဉ်းထောင်မှ အကျဉ်းသားများကိုသာ ပြောင်းရွေ့ခဲ့ခြင်းမဟုတ်ဘဲ အမ်း၊ သံတွဲ၊ ကျောက်ဖြူရှိ အကျဉ်းထောင်များက နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျခံနေရသူ အားလုံးနီးပါးကို အင်းစိန်အပါအဝင် တစ်ခြားအကျဉ်းထောင်များသို့ ပြောင်းရွေ့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ