နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က မွတ်ဆလင်နှင့်ပတ်သက်ပြီး ရခိုင်ပြည်အရေးကို ဖြေရှင်းရာတွင် သတိရှိရှိဖြင့် ဖြေရှင်းရန် တရုတ်အစိုးရက ပြောသည်။
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ မော်နင်း (Mao Ning) က နိုဝင်ဘာလ ၂၈ ရက် ပေကျင်းမြို့မှာ ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်အရေးကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ရှုတ်ထွေးလှသည့် ရခိုင်ပြည်အရေးကို ဖြေရှင်းရာမှာ သတိနှင့်ဖြေရှင်းရမည်ဖြစ်သလို အပြုသဘောဆောင်သည့် အခန်းကဏ္ဍကနေ တရုတ်က ပါဝင်ဆောင်ရွက်မည်ဟု မော်နင်းက ဆိုသည်။
“ရခိုင်အရေးမှာ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းတွေ၊ လူမျိုးရေးနဲ့ ဘာသာရေးနောက်ခံတွေ ရှိပြီး ဘက်ပေါင်းစုံက ချဉ်းကပ်ပြီး သတိရှိရှိ ဖြေရှင်းဖို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိပါတယ်” ဟု ပြောသည်။
အခြေအနေ တည်ငြိမ်ရေးနှင့် ပဋိပက္ခများ ဆိုးရွားမလာစေရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း မော်နင်းက ဆိုသည်။
နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC အနေဖြင့် သမာသမတ်ကျသော ရပ်တည်ချက်ကို လက်ကိုင်ထားပြီး လုပ်ငန်းဆောင်တာများနှင့် လုပ်ပိုင်ခွင့်များကို ဥပဒေနှင့်အညီ သတိရှိရှိ ကျင့်သုံးသင့်သည်ဟု တရုတ်က တိုက်တွန်းထားသည်။
အဖွဲ့ဝင်မဟုတ်သော မြန်မာနိုင်ငံမှ နိုင်ငံသားများကို တရားစီရင်ခံပိုင်ခွင့်မရှိကြောင်းလည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ မော်နင်းက ပြောဆိုသွားသည်။
မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို ရခိုင်ပြည်က မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရာဇဝတ်မှုများအတွက် ဖမ်းဆီးနိုင်ရန် ICC တရားရုံးတွင် ICC ရှေ့နေချုပ်က ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားသည်။