တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လမ်းကြောင်းပိတ်ဆို့မှုများကြောင့် ယခင်က တရုတ်သို့ တင်ပို့နေသည့် ရခိုင်ပြည်က ကဏန်းများကို လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်လကျော်ကစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် တင်ပို့နေသော်လည်း ဈေးနှိမ်ခံရ၍ တရုတ်ကဲ့သို့ ဈေးကောင်းမရရှိကြောင်း ကဏန်းအရောင်းအဝယ်လုပ်သူများက ပြောသည်။
လက်ရှိ ကဏန်းပေါက်စျေးမှာ တစ်ကီလိုကို ကျပ် ၅၀၀၀ ခန့်သာရရှိပြီး စျေးအလွန်နည်းကြောင်း ကဏန်းအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။
“အရင် တရုတ်ဘက်ကို တင်ပို့တယ်။ အဲ့ဒီတုန်းက တစ်ကီလို ၂ သောင်းကျော်လောက် အေးဆေးရတယ်။ အခု ဘင်္ဂလဘဖက်ကိုပဲ ပို့လို့အဆင်ပြေတော့ အဲ့ဘက်ကိုပဲ ပို့နေရတာ။ စျေးက မကောင်းဘူး။ တစ်ကီလို ၅၀၀၀ ပဲ ပေးတယ်။ စျေးအရမ်းနှိမ်တယ်” ဟု ပြောသည်။
ယင်းအပြင် တင်ပို့မှုစရိတ်များမှာ ယခင်ကထက် ကုန်ကျမှုများပြီး အမြတ်စွန်း အလွန်နည်းသွားသည့်အတွက် ဒေသက ကဏန်းရောင်းချသူများကိုလည်း စျေးကောင်းမပေးနိုင်ကြောင်း ရမ်းဗြဲမြို့နယ်က ကဏန်းဝယ်ယူသူတစ်ဦးက ပြောသည်။
“ကျနော်တို့ရတဲ့ စျေးကိုကနည်းတော့ ဒေသခံ ကဏန်းရှာတဲ့သူတွေကိုလည်း စျေးကောင်းမပေးနိုင်ဘူး ဖြစ်နေတယ်။ ဒီတော့ သူတို့တွေလည်း အဆင်မပြေကြဘူး။ အခုက ကုန်စျေးတွေကကြီးနဲ့ ရှာလို့ဖွေလို့ရလာတဲ့ အရာကလည်း စျေးမရတော့ ကဏန်းရှာသူတွေလည်းပဲ စိတ်ညစ်နေကြတယ်” ဟု ပြောသည်။
ရခိုင်က ကဏန်း၊ ပုစွန်အပါအဝင် ရေထွက်ပစ္စည်းများကို တရုတ်သို့ အဓိက တင်ပို့ခဲ့ပြီး လက်ရှိ တကျော့ပြန်တိုက်ပွဲတွင်း လမ်းကြောင်းများအားလုံး ပိတ်ဆို့ခံထားရ၍ ရခိုင်မှ ရေထွက်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေကြခြင်းလည်းဖြစ်သည်။
ရခိုင်မှာ ရေထွက်ပစ္စည်းတင်ပို့ ရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ငန်းများအများအပြား ရှိခဲ့သော်လည်း လက်ရှိ တိုက်ပွဲများအတွင်း မြို့နယ်အလိုက် ရေလုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းများ အားလုံးလိုလိုမှာ ရပ်တန့်နေရပြီး ဒေသခံပြည်သူများအတွက် အလုပ်လက်မဲ့ကို ဖြစ်ပေါ်နေကြသည်။
သို့သော်လည်း မောင်တောဒေသ၊ အမ်းဒေသနှင့် တောင်ကုတ်ဒေသတို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ရရှိပါက ရခိုင်ပြည်၏ နယ်စပ်စီးပွားရေးလုပ်ငန်းများမှာ ပြန်လည်ဦးမောလာမည်ဟု ကုန်သည်များနှင့် ဒေသခံပြည်သူများက မျှော်လင့်နေကြသည်။