Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - အရေပြားရောဂါ ခံစးနေကြရသော မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည်များကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးအပတ်က တွေ့ရစဉ်။

ရခိုင်ပြည် မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းမှာ ကလေး၊ လူကြီးမကျန် အရေပြားရောဂါဝေဒနာ ခံစားနေရကြောင်း မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။

ဒုက္ခသည်စခန်းမှာ မွတ်ဆလင်မိသားစု ၆၀၀ ကျော် လူဦးရေ ၃၀၀၀ ကျော်ရှိပြီး စခန်းတစ်ခုလုံးနီးပါး အနည်းအများ ခန္ဓာကိုယ်ယားယံခြင်းနှင့် အဖုအထစ်များ ဖြစ်ပွားနေကြသည်ဟု ရောဂါဝေဒနာခံစားနေရသူ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောသည်။

“စခန်းတစ်ခုလုံး လူကြီး၊ လူငယ်မရွေး ဖြစ်နေတာပါ။ တစ်ခန္ဓာလုံးယားယံပြီး စဖြစ်တယ်။ ယားနာပျောက်ဆေးတွေ လိမ်းပေမယ့်လည်း မပျောက်ဘူး။ တချို့ဆို အနာဆိုးတွေအထိတောင် ဖြစ်နေကြပြီ။ ဖြစ်နေကြတာက တော်တော်ကြပါပြီ။ မိုးရာသီကတည်းက စဖြစ်နေကြတာ။ ပျောက်လည်းမပျောက်ဘဲ ပိုပိုဆိုးဝါးလာပါတယ်” ဟု ပြောသည်။

အရေပြားယားနားများမှာ ခြေ၊ လက်၊ မျက်နှာ အပါအဝင် ခန္ဓာကိုယ်အနှံ့အပြားတွင် ဖြစ်ပွားလျှက်ရှိနေကြပြီး အိမ်ထောင်စုတစ်ခုတွင် အနည်းဆုံး ၂ ယောက်နှုန်းခန့် ဖြစ်ပွားနေကြကြောင်း အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ်များတွင် အဖြစ်များကြောင်း ပြောဆိုကြသည်။

အရေပြားရောဂါ ဝေဒနာခံစားနေရခြင်းမှာ ဒုက္ခသည်စခန်းအတွင်း သန့်ရှင်းသပ်ရပ်မှုအားနည်းခြင်းနှင့် တကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းများ အသုံးမပြုနိုင်ခြင်းကြောင့် ယခုအချိန်အထိ ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု ဒုက္ခသည်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

“တစ်ကိုယ်ရည် သန့်ရှင်းမှုကြောင့်လို့တော့ ထင်ပါတယ်။ ဘာလို့ဆို အရင်က ထောက်ပံ့မှုတွေ ရစဉ်က တစ်ကိုယ်ရည်သုံးပစ္စည်းတွေဆိုလည်း ရကြတယ်။ ဆပ်ပြာတွေဆို လိုသလောက် အသုံးပြုနိုင်ကြတယ်။ အခုကျတော့ ဆပ်ပြာကြမ်းတောင် မဝယ်သုံးနိုင်ကြတာ များကြတယ်။ စခန်းအခြေနေက ထောက်ပံ့မှုရပ်နေတော့ စားဝတ်နေရေးတောင် အနိုင်နိုင်ရယ်။ အခုရောဂါကို ဆေးခန်းပြဖို့ဆိုဝေးလာဝေး၊ ဆေးလေးတောင်ပုံမှန်မလိမ်းနိုင်ကြဘူး။ အားလုံးက ကျပ်တည်းနေကြတော့ ထမင်းမငတ်ဖို့ကိုပဲ ဦးစားပေးနေရတော့လေ” ဟု ပြောသည်။

ကျန်းမာရေးက အရေးကြီးသည်ဟု မွတ်ဆလင်ဒုက္ခသည်များမှာ သိရှိကြသော်လည်း လတ်တလော အရေးကြီးသည်က စားဝတ်နေရေးဖြစ်သည့်အတွက် အရေပြားရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရခြင်းများကို သည်းခံဖြတ်သန်းနေထိုင်နေကြရသည်။

စခန်းကို ယခင်က နိုင်ငံတကာအဖွဲ့စည်းများလာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်မှုရှိခဲ့ကြသော်လည်း လက်ရှိတွင် ထိုကဲ့သို့ လာရောက်မှုများလည်းမရှိကြကြောင်း စခန်းနေသူများကဆိုသည်။

စားနပ်ရိက္ခာကို ယခင်က ကမ္ဘာ့စာနပ်ရိက္ခာအဖွဲ့ WFP က ကူညီထောက်ပံ့ပေးခဲ့သော်လည်း မေလကစ၍ ထောက်ပံ့မှုမရရှိသည့်အတွက် ဖြစ်သလိုရုန်းကန်ရှာဖွေစားသောက်နေရပြီး ကုန်ဈေးနှုန်းကြောင့် ထမင်းနပ်မှန်ရန် ခက်ခဲနေကြကြောင်း သိရသည်။

မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းမှာ ၂၀၁၂ ပဋိပက္ခဖြစ်ပွားနောက် ပေါ်ပေါက်လာသော ဒုက္ခသည်စခန်းတစ်ခုဖြစ်ပြီး လက်ရှိတွင် မိမိနေရာဒေသများမှာ နေထိုင်ရန် ဆန္ဒရှိနေကြသော်လည်း တာဝန်ရှိသူများအနေဖြင့် တစ်စုတစ်ရာ စီစဉ်ပေးခြင်းများမရှိသေးကြပေ။

အဆိုပါ မွတ်ဆလင်ဒုက္ခသည်စခန်းသည် မြေပုံမြို့အပြင်ဘက် မြို့၏တောင်ဘက်တွင်တည်ရှိပြီး မြို့နှင့်တစ်မိုင်ခန့်ဝေးကွာကြောင်းနှင့် လွတ်လပ်စွာသွားလာခွင့်၊ လုပ်ကိုင်စားသောက်ခွင့် ရရှိကြကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ