Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်တွင် ယခု ၂၀၂၄ ခုနှစ်အတွင်း စိုက်ပျိုးသည့် မိုးစပါးအထွက်နှုန်းမှာ သိသာစွာကျဆင်းကြောင်း လယ်ယာလုပ်ကိုင်သူများက ပြောသည်။

ယခုနှစ် မိုးစပါးများ၏ သီးထွက်နှုန်းမှာ အလွန်နည်းပြီး ယခင်နှစ်များထက် ထက်ဝက်နှုန်းခန့်ကျဆင်းမှုရှိကြောင်း မြောက်ဦးမှ လယ်သမားတစ်ဦးက ပြောသည်။

“ဒီနှစ် အထွက်နှုန်းက တော်တော်ကိုကျပါတယ်။ စပါး အနှံတွေတော့ ထွက်လာတယ်။ အဆန်အပါတဲ့ အခွံတွေပဲ များပါတယ်။ အရင်နှစ်ကနဲ့ဆိုရင် တစ်ဝက်လောက်ကို ကျတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

ယခင်နှစ်များတွင် တစ်ဧကကို နို့ဆီဘူး ၅၂ ဘူးဆန့် တောင်းနှင့် တောင်း ၁၂၀ ကျော်ခန့် အထွက်နှုန်းရှိကြသော်လည်း ယခုနှစ်တွင် တောင်း ၇၀ ကျော်ခန့်လောက်သာ ထွက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

လယ်သမားများမှာ စပါးအထွက်နှုန်းကျဆင်းသည့်အပြင် ရရှိလာသည့်စပါးများလည်း စျေးကောင်းမရနိုင်ဘဲရှိနေကြကြောင်း လယ်သမားများက ဆိုသည်။

“စပါးအထွက်နည်းတော့ စိတ်မကောင်းဘူး။ မြေသြဇာမသုံးနိုင်တော့ အထွက်နည်းမှာပဲလို့ ကြိုတွေးခဲ့ပေမယ့် တကယ်တန်း နည်းလာတော့လည်း မခံစားနိုင်ဘူးဖြစ်နေတယ်။ ပြီးတော့ ရတဲ့စပါးကို ရောင်းမယ်လုပ်တော့လည်း စျေးကမရဘူး။ လောလောဆယ် ပေါ်ဆန်းမွှေး တောင်းတစ်ရာကို ကျပ် ၄ သိန်းကျော် ဝန်းကျင်ပဲရှိနေသေးတယ်” ဟု ပြောသည်။

ရခိုင်လယ်သမားများမှာ ယခု ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မြေသြဇာများ စျေးအလွန်ကြီးမားမှုကြောင့် ဝယ်ယူအသုံးပြုနိုင်ခြင်းမရှိခဲ့၍ စပါးအထွက်နှုန်းမှာ ကျဆင်းခဲ့ရပြီး စိုက်ပျိုးစရိတ်ကြီးမားမှုကြောင့်လည်း လယ်ဧကများကို လျော့ချလုပ်ကိုင်ခဲ့ရကြောင်း သိရသည်။

ရခိုင်ကလယ်သမားများမှာ အဆိုပါ အခက်ခဲများအပြင် ၂၀၂၃ ခုနှစ်က စိုက်ပျိုးသည့် မိုးစပါးများမှာလည်း ရောင်းမထွက်သည့်အခက်ခဲများလည်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်စိုက်ပျိုးသည့် မိုးစပါးပေါ်သည့် လက်ရှိအချိန်အထိ အဆိုပါစပါးများမှာ ရောင်းမထွက်ဘဲ ကျန်နေကြသေးကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ