Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - အငြိမ်းစားရဲမှူး ဦးရွှေဇံအား တွေ့ရစဉ်။ (ဓါတ်ပုံ - DVB)

စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများ၊ ပြောဆို ဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁၈၄ဝ ဦး ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အရေအတွက်မှာ၂၀၂၂ ခုနှစ်၊ ဖေဖော်ရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကောက်ယူထားသော အချက်အလက်များဖြစ်ကြောင်း Data for Myanmar က ယနေ့ ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူ ၁၈၄၀ ဦးထဲတွင် ၈၉၆ ဦးက ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသက ဖြစ်ပြီး ၃၆ ရာခိုင်နှုန်းရှိသော အရေအတွက်မှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

အဆိုပါ အချက်အလက်များမှာ ပြည်တွင်းပြည်ပက မူဝါဒချမှတ်သူများအတွက် အထောက်အကူပြုရန် ရည်ရွယ်ကြောင်းလည်း Data for Myanmar က ဆိုသည်။

၂ဝ၂၂ နှင့် ၂ဝ၂၃ ခုနှစ်အတွင်း ဖမ်းဆီးခံရသူ ဦးရေ သိသိသာသာများခဲ့ပြီး ၂၀၂၄ ခုနှစ်ထဲမှာ ဖမ်းဆီးမှုများ လျော့ကျလာကြောင်းနှင့် ဩဂုတ်လကနေ အောက်တိုဘာလအတွင်း မြို့နယ် ၆၅ မြို့နယ်က အွန်လိုင်း အသုံးပြုသူ ၁၄၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလကုန်အထိ မြို့နယ်ပေါင်း ၂၂၃ တွင် ဖမ်းဆီးအရေးယူမှုများရှိခဲ့ပြီး ယင်းအထဲမှာ ပဲခူးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပြည်မြို့နယ်များကမူ အဖမ်းအဆီးများသော မြို့နယ်များဖြစ်ကြောင်း Data for Myanmar က ပြောသည်။

ဖမ်းဆီးခံရသူအများစုက Facebook ပေါ်မှာ ရေးသားမျှဝေမှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အခြား အွန်လိုင်း ပလက်ဖောင်းများဖြစ်သည့် Tik Tok, Telegram, Viber များပေါ်မှာတွင်လည်း ရေးသားမျှဝေခြင်းကြောင့် အဖမ်းခံရခြင်းလည်းပါဝင်ကြသည်။

ရခိုင်-မြန်မာ တေးသံရှင် မာန်အောင်ဒေသ မဆုမြတ်ထက်ကိုလည်း ပြည်ပလူမှုကွန်ရက်အကောင့်တစ်ခုမှာ Admin ဖြစ်နေသည်ဟုဆိုကာ အကြောင်းပြချက်ဖြင့် အောက်တိုဘာလ ၇ ရက်နေ့က ဖမ်းဆီးထားပြီး ယခုအချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

အောက်တိုဘာ ၇ ရက် နေ့လယ်က ရန်ကုန်တိုင်း တာမွေမြို့ရှိ သူမ၏ နေအိမ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ကျော်က ဖမ်းဆီးခေါ်ယူသွားပြီး လက်ရှိ မရမ်းကုန်းစစ်ကြောရေးတွင် စစ်ဆေးခံနေရကြောင်း သိရသည်။

ယင်းအပြင် အာရက္ခတပ်တော် AA ကို ထောက်ခံအားပေးပြီး လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသားသည်ဟုဆိုကာ ရခိုင်လူမျိုး အငြိမ်းစားရဲမှူး ဦးရွှေဇံကို နိုဝင်ဘာလ ၂၆ ရက် ညနေက ရန်ကုန်တိုင်း သာကေတမြို့နယ် ၎င်း၏ နေအိမ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။

ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် အာရက္ခတပ်တော် AA ကို ထောက်ခံသည့် စာသားများ ရေးသားကာ စစ်ကောင်စီအား ဆန့်ကျင်လှုံ့ဆော်သည်ဟု စွပ်စွဲချက်ဖြင့် အငြိမ်းစား ရဲမှူး ဦးရွှေဇံကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး သာကေတရဲစခန်းကတစ်ဆင့် နိုဝင်ဘာလ ၂၇ ရက်တွင် စစ်ကြောရေးသို့ ပို့ဆောင်စစ်ဆေးနေကြောင်းနှင့် မိသားစုဝင်များမှာ အဆက်အသွယ်မရ၍ ဦးရွှေဇံအား စိတ်ပူနေကြသည်။

သာကေတမြို့နယ် အမှတ် (၇) အနောက်ရပ်ကွက် အောင်ချမ်းသာလမ်းက ၎င်း၏ နေအိမ်သို့ နိုဝင်ဘာလ ၂၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်က စစ်သား၊ ရဲသား လုံခြုံရေးပူးပေါင်းအဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့်နီးစပ်သူများက ပြောသည်။

Data for Myanmar ၏ အစီရင်ခံစာအရ ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅၆ ဦးခန့်မှာ လစဉ် ဖမ်းဆီးခံနေရကြောင်း သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း လူထုလှုပ်ရှားများအတွက် အရေးပါသော လူမှုကွန်ယက်နှင့် အွန်လိုင်းပလက်ဖောင်းများကို အကြောင်းအမျိုးမျိုးပြကာ ပိတ်ပင်ထိန်းချုပ်ထားသည်။

ထို့အပြင် လူမှုကွန်ယက်ကနေ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ က နှင့် ပုဒ်မ ၅ဝ၅-က တို့ဖြင့် အရေးယူမည်နှင့် အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့်လည်း တည်ဆဲဥပဒေများဖြင့် အရေးယူခံရမည်ဟု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ