(သို့သော်လည်း စစ်ကောင်စီက နိုင်ငံအနှံ့ ဝေဟင်နှင့် မြေပြင် ထိုးစစ်အား ရပ်တန့်ရန်လိုအပ်)
ကိုးကန့်တပ် MNDAA က အာဏာသိမ်း စစ်ကောင်စီနှင့် စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။
စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် အပြစ်မဲ့ပြည်သူလူထု၏ အကျိုးအကို ငဲ့ညှာထောက်ထားခြင်း၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းလိုခြင်းနှင့် ပြည်တွင်းစစ်ရေးပဋိပက္ခများကို လက်တွေ့ကျကျဖော်ဆောင်နိုင်ရေးအတွက်ဟု MNDAA က ထုတ်ပြန်ထားသည်။
MNDAA ၏ ထုတ်ပြန်ချက်မှာ မြန်မာပြည်ထဲက ခွဲထွက်ပြီး နိုင်ငံတော်သစ်ထူထောင်ခြင်းကို ပြုလုပ်မည်မဟုတ်ဟု စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း ပြောဆိုထားသည်။
MNDAA အနေဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမည်ဟု ဆိုသည်။
ယနေ့မှစ၍ ရောက်ရာနေရာမှ တပ်ချက်ချင်း အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြုထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်ကြောင်း MNDAA က ပြောသည်။
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့်ဖြေရှင်းနိုင်မည်ဟု MNDAA က မျှော်လင့်ကြောင်းလည်း ပြောဆိုထားသည်။
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း MNDAA က ထုတ်ပြန်အသိပေးထားသည်။
သို့သော်လည်း အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံနေရာအနှံ့တွင် ဖော်ဆောင်နေသော ဝေဟင်နှင့် မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းပေးရမည်ဟု တောင်းဆိုထားသည်။
အကယ်၍ တွေ့ဆုံဆွေးနွေးမည်ဆိုပါက MNDAA အနေဖြင့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားရှိ ပဋိပက္ခများနှင့် အမြင်သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း ကိုယ့်ကိုခုခံကာကွယ်ခွင့်အား ယခင်နည်းတူ ဆက်လက်စွဲကိုင်သွားမည်ဟု MNDAA က သဘောထားအား ပြောဆိုထားသည်။