အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံအတွင်း စီမံကိန်းအသစ်များ ဖော်ဆောင်ရာတွင် မူနှင့် သဘောတူညီချက် ရယူရန်လိုအပ်ခြင်းကို ချပြပြောဆိုလာသည်။
ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသည့် စစ်ကောင်စီ၏အစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံအတွင်း စီမံကိန်းအသစ်များ ဖော်ဆောင်မည်ဆိုပါက သဘောတူညီချက် ရယူရမည်ဟု မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
“မိမိတို့ တာဝန်ယူသည့် ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်မည့် စီမံကိန်းများကိုသာ ဆောင်ရွက်ကြစေလိုပြီး လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ရန်လည်း တာဝန်ယူရန် လိုကြောင်း” ဟု ပြောဆိုခဲ့သည်။
အကျိုးရှိမည့် စီမံကိန်းများကိုသာ ခွင့်ပြုပေးမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်မည့် စီမံကိန်းများကိုသာ ခွင့်ပြုပေးမည်ဟု မင်းအောင်လှိုင်က ဆိုသည်။
စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုများ လုပ်ဆောင်ရသည့် ဝန်ကြီးဌာနများမှာလည်း အကျိုးအမြတ်ကို ဖော်ဆောင်ပေးနိုင်သည့်ဌာနများရှိသကဲ့သို့ အောင်မြင်မှုမရှိသည့် ဌာနများလည်းရှိကြောင်း သိရသည်။
အကျိုးအမြတ်ဖော်ဆောင်ပေးနိုင်သည့် လုပ်ငန်းများကို ဆက်လက်အားပေးမည်နှင့် အကျိုးအမြတ်ကို မဖော်ဆောင်ပေးနိုင်သည့် လုပ်ငန်းများကို ရပ်တန့်သွားမည်ဟု မင်းအောင်လှိုင်က ပြောသည်။
စီးပွားရေးနှင့်ပတ်သက်လာပါက အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကိုသာ တွက်ချက် လုပ်ကိုင်စေလိုပြီး ဝန်ကြီးဌာနများ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် သေချာစိစစ် ဆောင်ရွက်ရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနက ကောက်ယူထားသည့် ကိန်းဂဏန်းအချက်အလက်များမှာ မှားယွင်းမှုရှိနေကြောင်း မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတွင် ဝါများပိုလျှံမှုရှိသည်ဟု သိထားသော်လည်း ပြည်ပသို့တင်ပို့ထားသည့် ကိန်းဂဏန်း အချက်အလက်နှင့် အမှန်တကယ်တင်ပို့ထားသည့် အချက်အလက်များ ကွဲလွဲနေသည်ဟု ဆိုသည်။
ဆန်နှင့်ပတ်သက်၍လည်း နှစ်စဉ်ပိုလျှံမှုများရှိကြောင်းပြောနေသော်လည်း ပိုလျှံသည့်ဆန်နှင့် ပြည်ပသို့တင်ပို့သည်ဆန်ပမာဏ ကွာခြားနေသည်။
“မြေပြင်ထွက်ရှိသည့် အထွက်နှုန်းများနှင့် အစိုးရတာဝန်ရှိသူများထံသို့ တင်ပြသည့်အချက်အလက်များ ကိုက်ညီမှုရှိရန်နှင့် မြေပြင်အမှန်အတိုင်းဖြစ်ရန်လိုကြောင်း” ဟု ပြောဆိုခဲ့သည်။
တိုင်းနှင့် ပြည်နယ်က သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် အချက်အလက်များ လွဲမှားမှုမရှိစေရန် သေချာကြပ်မတ်ဆောင်ရွက်ရမည်ဟု မင်းအောင်လှိုင်က သတိပေးထားသည်။