လက်နက်ခဲယမ်းအပါအဝင် စက်သုံးဆီ၊ စားသောက်ကုန်များနှင့် စစ်မှုထမ်း တပ်သားသစ်အများအပြားဖြင့် ရန်ကုန်၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှ ရခိုင်သို့ စစ်တပ် ထောက်ပို့ရေယာဉ် ၁ စီး ထွက်ခွာလာကြောင်း ခိုင်လုံသော သတင်းရင်းမြစ်အရ သိရသည်။
အဆိုပါရေယာဉ်သည် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း (ခေါ်) The Myanmar Terminal-TMT ဆိပ်ကမ်းမှ ကျောက်ဖြူ (သို့မဟုတ်) စစ်တွေသို့ ဦးတည် ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ ရေတပ် ထောက်ပို့ရေယာဉ် ပြည်တော်အေး (၃) သင်္ဘောသည် လက်နက်ခဲယမ်း၊ စက်သုံးဆီ၊ စားသောက်ကုန်များ အပါအဝင် စစ်မှုထမ်း တပ်သားသစ်များနှင့် ဒဏ်ရာမှ သက်သာလာသည့် စစ်သားများ ပါဝင်လာခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
အဆိုပါ ရေယာဉ်တွင် စစ်ကား ၇ စီးခန့်ကိုပါ တင်ဆောင်လာပြီး စစ်သားများ ဝတ်ဆင်ထားသော စစ်ဝတ်စုံတွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တံဆိပ်များ၊ တပ်မ ၇၇ တံဆိပ်များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တံဆိပ်များ တပ်ဆင်ထားကြောင်း သိရသည်။
သတင်းရင်းမြစ်တစ်ဦးက “ဗိုလ်အောင်ကျော် TMT ဆိပ်ကမ်းကနေ ရေတပ်က ထောက်ပို့ ရေယာဉ် ပြည်တော်အေး ၃ သင်္ဘောထွက်ခွာ သွားတယ်။ ကျောက်ဖြူနဲ့ စစ်တွေဘက်ကို သွားတယ်လို့သိရတယ်။ လက်နက် ပစ္စည်း ဒီဇယ်နဲ့ စားသောက်ကုန်တွေ ပါသွားတယ်။
ထို့ပြင် စစ်ကောင်စီတပ်က တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းထားသူများလည်း လိုက်ပါသွားပြီး တိုက်ပွဲများအတွင်း ဒဏ်ရာရကာ ဆေးကုမှု ခံယူပြီး ပြန်လည် သက်သာလာသည့် စစ်ကောင်စီ တပ်သာများလည်း လိုက်ပါသွားကြောင်း သိရသည်။
တပ်တွင်း သတင်းရင်းမြစ်က “စစ်ကား ၇ စီးခန့်နဲ့ ရခိုင်ဘက် တံဆိပ် ၊ တပ်မ ၇၇ တံဆိပ် ၊ ရကတ တံဆိပ်တွေ တပ်ထားတဲ့ စစ်သားတွေ ပါသွားတယ်။ တချို့က ချိုင်းထောက်တွေနဲ့ ဆေးရုံက ဆင်းတဲ့သူတွေ ပြန်ပို့တာလည်း ပါတယ်။ တချိုတွေက စစ်မှုထမ်းတွေ” ဟု ပြောဆိုသည်။
ရခိုင် စစ်မြေပြင်တွင် စစ်ရှုံနေသည့် စစ်ကောင်စီသည် ရခိုင်စစ်မြေပြင်သို့ လေကြောင်း ရေကြောင်းမှတစ်ဆင့် စစ်အင်အားဖြည့်တင်းပြီး AA ၏ ထိုးစစ်ကို ခုခံကာကွယ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။