ရခိုင်ပြည် မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အဟာရချို့တဲ့မှုကြောင့် သေဆုံးသူ အမျိုးသမီး ၃ ဦးထိရှိလာကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
သေဆုံးမှုမှာ ပြီးခဲ့သည့် စက်တင်ဘာလထဲက ၂ ဦးနှင့် နိုဝင်ဘာလထဲက ၁ ဦးတို့ဖြစ်ပြီး စက်တင်ဘာလအတွင်းသေဆုံးသူ ၂ ဦးမှာ အသက် ၆၀ အရွယ်ရှိ ယော်နီဆာဆိုသူအမျိုးသမီးနှင့် အသက် ၅၀ ကျော်အရွယ်ရှိ ဒါဟိိုင်မာဆိုသူဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့က သေဆုံးသူမှာ အသက် ၃၀ အရွယ် အမျိုးသမီးငယ်တစ်ဦးတို့ဖြစ်သည်။
သေဆုံးသူ ၃ ဦးလုံးမှာ စခန်းတွင် အနွမ်းပါးဆုံးအုပ်စုထဲမှဖြစ်ကြပြီး စခန်းတွင် ထောက်ပံ့မှုမရကြသည့်နောက်ပိုင်း စားနပ်ရိက္ခာ ကျပ်တည်းကြရာမှ အဟာရချို့တဲ့ကာ သေဆုံးကြရခြင်းဖြစ်သည်ဟု စခန်းမှာ တာဝန်ရှိအမျိုးသမီးတစ်ဦးက ပြောသည်။
“စခန်းမှာက အကုန်လုံးကတော့ ဒုက္ခသည်တွေပါပဲ။ ဒါပေမယ့် သူတို့တွေက ဒုက္ခသည်တွေထဲက ဒုက္ခသည်တွေဖြစ်နေတယ်။ အရင်က အထောက်ပံ့လေးတွေမှီပြီး စားကြသောက်ကြရတယ်။ အခုမရတော့ ကျပ်တည်းပြီး မစားရမသောက်ရ တချောင်ချောင်နဲ့ဖြစ်ပြီး နောက်ပိုင်း သေကြတဲ့အထိဖြစ်သွားတာ” ဟုပြောသည်။
သေဆုံးသူအမျိုးသမီး ၃ ဦးလုံးမှာ မည်သည့်ရောဂါအခံမှ မရှိကြကြောင်းနှင့် အစာအဟာရ ချို့တဲ့လာကြပြီး နောက်ပိုင်း အိပ်ရာထဲလဲကာ သေဆုံးသွားကြခြင်းဖြစ်သည်ဟု စခန်းနေသူများက ပြောဆိုကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလထဲက သေဆုံးသူအမျိုးသမီးဆိုလျှင် ရိက္ခာထောက်ပံ့မှု မရရှိသည့်နောက်ပိုင်း တောင်းရမ်းစားသောက်ရင်း သေဆုံးသွားရခြင်းဖြစ်သည်ဟု စခန်းနေ အမျိုးသားတစ်ဦးက ပြောသည်။
“ထောက်ပံ့မှုမရတော့ သူက တောင်းရမ်းစားသောက်တယ်။ သူ့မှာ ကလေးတွေလည်းရှိတယ်။ သူက စခန်းထဲမှာလည်း ပတ်ပြီးတောင်းသေးတယ်။ အကုန်လုံးက ကိုယ့်ဒုက္ခနဲ့ကိုယ်ဆိုတော့ သိပ်လည်း ဂရုမစိုက်နိုင်ကြပါဘူး။ နောက် နေမကောင်းလည်းဖြစ်လာတယ်။ နေမကောင်းဖြစ်ရင်လည်း သူကမြို့ပတ်ပြီးတောင်းတယ်။ သူ့ကလေးတွေစားဖို့က ရှိသေးတော့လေ။ နောက်တော့ အိပ်ရာထဲလဲပြီး သေသွားရတာပဲ” ဟု ပြောသည်။
မြေပုံမွတ်ဆလင် ဒုက္ခသည်စခန်းမှာ အဟာရချို့တဲ့မှုကြောင့် လက်ရှိ သေဆုံးသူများအပြင် အဟာရချို့တဲ့နေသည့် ကလေးငယ်များလည်း ထပ်မံရှိလာနေကြောင်းသိရသည်။
မြေပုံ မွတ်ဆလင်ဒုက္ခသည်စခန်းမှာ WFP ၏ ကာလရှည်ကြာထောက်ပံ့မှုရပ်တန့်နေမှုကြောင့် များစွာကျပ်တည်းလျှက်ရှိနေကြပြီး မိသားစုစားဝတ်နေရေးအတွက် စခန်းမှာ ထွက်ခွာသူများလည်း တစ်စတစ်စများလာနေကြောင်း စခန်းတွင်းနေထိုင်သူများက ပြောကြသည်။
ယင်းအပြင် အဆိုပါ မွတ်ဆလင်ဒုက္ခသည်စခန်းမှာ မိသားစု ၆၀၀ ကျော် လူဦးရေ ၃၀၀၀ ကျော်ရှိပြီး လူကြီး၊ လူငယ်မကျန် တစ်ခုလုံးနီးပါး ခန္ဓာကိုယ်ယားယံခြင်း၊ အဖုအပိမ့်များ ဖြစ်ပွားကာ အရေပြားရောဂါဝေဒနာ ခံစားနေကြရကြောင်းလည်း သိရသည်။
မြေပုံမွတ်ဆလင်ဒုက္ခသည်စခန်းသည်၂၀၁၂ ပဋိပက္ခဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာသော ဒုက္ခသည်စခန်းတစ်ခုဖြစ်ပြီး မြေပုံမြို့အပြင်ဘက် မြို့၏တောင်ဘက်တွင်တည်ရှိကြောင်း သိရသည်။