Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ယခု ဖုန်းလိုင်းပြတ်တောက်မှု လကြာရှည်ပြတ်တောက်နိုင်)

ရခိုင်တွင် တပြည်နယ်လုံး အတိုင်းအတာအနေဖြင့် မြို့အားလုံးနီးပါးတွင် မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေမှု သီတင်း ၂ ပတ်ကျော်ခန့်အကြာရှိလာနေပြီဖြစ်ရာ ကာလကြာရှည်စွာ ဖုန်းလိုင်းပြတ်တောင်မည်ကို ပြည်သူများစိုးရိမ်လျှက်ရှိနေကြကြောင်း သိရသည်။

မိုဘိုင်းဖုန်းလိုင်းမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းအချိန်မှစ၍ ပြတ်တောက်သွားခြင်းဖြစ်ပြီး စစ်တွေမြို့နှင့် ဂွမြို့နယ်ဘက်၊ စစ်တွေကမ်းနှင့်နီးသည့် ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကျေးရွာအချို့မှလွဲလျှင် တပြည်နယ်လုံးနီးပါး ပြတ်တောက်နေခြင်းဖြစ်သည်။

ထိုကဲ့သို့ ဖုန်းလိုင်းပြတ်တောက်နေမှုမှာ သီတင်း ၂ ပတ်ကျော်အကြာခန့်ရှိလာသည်နှင့်အမျှ ဒေသနေပြည်သူများမှာ အခက်ခဲများစွာဖြင့်ကြုံလျှက် ရှိနေကြရသည်။

မြေပုံမြို့နယ်မှ ဒေသခံတစ်ဦးက ဖုန်းလိုင်းပြတ်တောက်နေမှုကြောင့် ဖြစ်ပေါ်နေသည့် အခက်ခဲများနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“ဖုန်းလိုင်းမရတော့ အစစအရာရာ အခက်ခဲပေါ့။ ဘယ်သွားသွား ဘာလုပ်လုပ် အဆက်သွယ်ပြတ်နေတော့ ဘာတစ်ခုမှ အဆင်မပြေဘူး။ ခုတစ်ခေါက်ပြတ်တာက တော်တော်ကြာနေတော့ လူတွေက စိုးရိမ်လာကြတယ်။ ပြန်ရမှရပါတော့မလားလို့။ ဘာဖြစ်လို့ပြတ်တယ်လို့လည်း သေချာမသိကြဘူးလေ” ဟု ပြောသည်။

မိုဘိုင်းဖုန်းလိုင်းပြတ်တောင်မှုမှာ လက်ရှိ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည့် အမ်း-ပဒါန်းဖက်ရှိ MPT မိုဘိုင်းတာဝါတိုင်မှာ လက်နက်ကြီး ကျရောက်ခဲ့မှုကြောင့် ပျက်စီးသွားရာမှ ဖုန်းလိုင်းပြတ်တောက်သွားရခြင်းဖြစ်ကြောင်း ဒေသနှင့်နီးစပ်သူထံမှ သိရသည်။

ရခိုင်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ ဒုတိယအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကစ၍ အင်တာနက်အပါအဝင် ဒေသအနှံ့မိုဘိုင်းဖုန်းလိုင်းပြတ်တောက်မှုများရှိခဲ့ပြီး လက်ရှိတွင် တပြည်နယ်လုံးနီးပါး ဖုန်းလိုင်းကြာရှည်ပြတ်တောက်နေခြင်း ဖြစ်သည်။

တချို့ဒေသများတွင်မူ မိုဘိုင်းဖုန်းလိုင်းများရရှိမှုရှိကြသော်လည်း ဖုန်းခေါ်ဆို၍မရသည့် အနေအထားမျိုးများလည်းရှိကြောင်း မြောက်ဦးနယ်ခံတစ်ဦးက ပြောသည်။

“ဒီဘက်နေရာတချို့မှာတော့ ဖုန်းလိုင်းရတာတွေရှိတယ်။ ဒါပေမယ့် ဖုန်းခေါ်မရဘူး။ ဖုန်းလိုင်းကတော့ တိုင်အပြည့်တက်နေတယ်။ ခေါ်ရင်ပြန်ကျသွားတယ်။ တစ်ချို့ဆို ဖုန်းလိုင်းရတယ်ဆိုပြီး အဝေးကြီးကနေ ပိုက်ဆံတွေအကုန်ခံပြီးလာကြတယ်။ ဖုန်းဆက်လို့ မရသွားရှာဘူး။ ဒီအတိုင်းကြာကြာ ပြတ်နေမှာကိုပဲ စိုးရိမ်နေရတယ်။” ဟု ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့မှာ တောင်ကုတ်၊ ဂွနှင့် အမ်းမြို့တို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြဆဲဖြစ်ပြီး ဒေသ၏ကုန်စည်စီးဆင်းရာ လမ်းကြောင်းများမှာလည်း ဆက်လက်ပိတ်ဆို့ခံထားကြရဆဲဖြစ်ကာ ဒေသနေသူများမှာ အဆိုပါအခက်ခဲများနှင့် မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေမှုအခြေနေကြား များစွာအခက်ခဲများဖြစ်ပေါ်လျှက်ရှိနေကြရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ