Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

နိုင်ငံအနှံ့တိုက်ပွဲပြင်းထန်နေချိန် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။

လာမည့် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပပြုလုပ်သွားမည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် အသိပေးထားသည်။

မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီဝဗေဒ/ဘောဂဗေဒ စသည့် ဘာသာရပ်များကို အစဉ်လိုက်အတိုင်း ဖြေဆိုရမည်ဖြစ်ပြီး အချိန်က နံနက် ၉ နာရီမှ ၁၂ နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။

၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ မေ ၂၃ ရက်မှ ဇွန် ၅ ရက်အထိ ကျောင်းအပ်နှံသူ ၆၇၉၂၃၆၂ ဦး ရှိကြောင်း စစ်ကောင်စီက ဇွန် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ တက္ကသိုလ်ဝင်စာမေးပွဲမှာ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်အတွင်း ကျင်းပပြုလုပ်နိုင်ခြေ အလွန်နည်းသည်ဟု ရခိုင်ပညာရေးအသိုင်းအဝိုင်းထဲက တစ်ဦးက ပြောသည်။

“ကျနော်တို့ ရခိုင်မှာတော့ စစ်ကောင်စီ တက္ကသိုလ်ဝင်စာမေးပွဲက ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ တိုက်ပွဲတွေကြောင့် ကျောင်းသားတွေ ကျောင်းမတက်လိုက်ရဘူး။ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့တွေမှာလည်း စစ်ရှောင်တွေ အရမ်းများတော့ ကျောင်းသားက မရှိသလောက်ပါပဲ။ ဒါပေမယ့် အဲဒီမြို့တွေလည်း တိုက်ပွဲ မကြာခင်ဖြစ်လာကြမှာဆိုတော့ တက္ကသိုလ်ဝင်စာမေးပွဲ မဖြစ်နိုင်သလောက်ပါပဲ” ဟု ပြောသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စသည့် မြို့ပေါ်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျေးလက်ဒေသများအားလုံးကို အာရက္ခတပ်တော် AA က ထိန်းချုပ်သိမ်းပိုက်ထားပြီဖြစ်သည်။

မောင်တော၊ တောင်ကုတ်၊ အမ်းနှင့် ဂွမြို့နယ်တို့တွင် ယနေ့အချိန်အထိ တိုက်ပွဲပြင်းထန်လျှက်ရှိပြီး အဆိုပါဒေသများတွင် အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ လုံးဝမရှိတော့သည့် နယ်မြေဖြစ်သွားကြပြီဖြစ်သည်။

ရခိုင်ပြည်အတွင်းက ကျန်မြို့နယ်များမှာမူ အာရက္ခတပ်တော် AA က ၂၀၂၄ အစောပိုင်းကာလများတွင် သိမ်းပိုက်ထားပြီးပြီလည်းဖြစ်သည်။

အလားတူ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ချင်းပြည်၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်နီ စသဖြင့် ဒေသများတွင်လည်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့ နေ့စဉ်နှင့်အမျှ တိုက်ပွဲပြင်းထန်လျှက်ရှိနေပြီး မြို့တော်ကြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှာပင်လျှင် ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားလျှက်ရှိသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့်လည်း မြန်မာနိုင်ငံအနှံ့ တိုင်းနှင့်ပြည်နယ်အားလုံးတွင် နေ့စဉ် ဗုံးအလုံးရေ ထောင်နှင့်ချီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ၏ တက္ကသိုလ်ဝင်စာမေးပွဲမှာ အလွန်စိုးရိမ်ဖွယ်ကောင်းကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ