Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စမွန်ပကန်ခရိုင်ရှိ ကားပစွည်းထုတ်လုပ်ရေးစက်ရုံတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက်ဟုဆိုကာ တစ်ဦးလျှင် ထိုင်းဘတ် ၁၃၀၀၀ တောင်းခံနေ၍ မြန်မာအလုပ်သမား ၄၀၀ ကျော်ဆန္ဒပြကြကြောင်း အလုပ်သမားများက ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ ဘန်ကောက်မြို့၊ စမွန်ပကန်ခရိုင် စွယ်ပီတာအနီးရှိ CH AUTO PART ကုမ္ပဏီ၏ ကားပစွည်းထုတ်လုပ်ရေးရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၄၀၀ ကျော်ထံမှ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက် စက်ရုံကိုယ်စားလှယ်က တစ်ဦးလျှင် ထိုင်းဘတ် ၁၃၀၀၀ အထိ တောင်းခံနေသည်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ကုန်ကျစရိတ်သည် ထိုင်းဘတ် ၈၅၀၀ ဝန်းကျင်သာ ကုန်ကျသော်လည်း ထိုင်းဘတ် ၁၃၀၀၀ အထိ တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြရာတွင် ပါဝင်သည့် မြန်မာလုပ်သား တစ်ဦးက “သူတို့ကတော့ တောင်းတဲ့စျေး မပေးရင် အလုပ်ထုတ်မယ်လို့ခြိမ်းခြောက်ပါတယ်။ မြန်မာအလုပ်သမား ခေါင်းဆောင်ရယ် ထိုင်းရယ်ပေါင်းပြီး ဖြတ်စားဖို့လုပ်တာ။ တကယ့်ကုမ္ပဏီက မသိဘူး။ အောက်ခြေက ဖြတ်စားဖို့ လုပ်နေတာ မြန်မာဘက်က ဖြတ်စားဖို့ လုပ်နေတာက ချစ်ကိုလတ်၊ အဝမ် နဲ့ ထိုင်းလူမျိုးက နာမည်မသိဘူး”ဟု ပြောသည်။

လတ်တလောတွင် ညှိနှိုင်းခြင်း လုပ်ဆောင်ရန် ပြောဆိုထားသော်လည်း ဆက်လက်၍ မတရားကောက်ခံကာ ခြိမ်းခြောက်နေပါက ဆန္ဒပြမှုများ ဆက်တိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားများက ပြောဆိုကြသည်။

ဆက်စပ်သတင်းများ