တကျော့ပြန် ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်းမှာ မောင်တောမြို့သိမ်းတိုက်ပွဲက လနှင့်ချီကြာမြင့်လာကြောင်း သိရသည်။
မောင်တောမြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလ ၁၆ ရက်နေ့ကတည်းက တောင်ပြိုမြို့ကတစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်လာသည်မှာ လက်ရှိတွင် မောင်တောမြို့ထဲသို့ ရောက်ရှိလာဖြစ်ပြီဖြစ်သည်။
မောင်တောမြို့နှင့်ကပ်လျှက်ရှိသည့် စစ်ကောင်စီ၏ မြို့စောင့်တပ်စခန်းဖြစ်သော နယ်ခြားစောင့်တပ်စခန်း နခခ ၅ ကလွဲပြီး ကျန် တပ်ရင်းတပ်ဖွဲ့များနှင့် စစ်စခန်းများအားလုံးကို AA က သိမ်းပိုက်ထားပြီလည်းဖြစ်သည်။
နယ်ခြားစောင့်တပ်စခန်း နခခ ၅ ကို သိမ်းပိုက်ရရှိပါက မောင်တောဒေသတစ်ခုလုံးကို အာရက္ခတပ်တော် AA က ထိန်းချုပ်နိုင်ပြီး ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို AA က ကိုင်တွယ်စီမံခွင့် ရရှိမည်ဖြစ်သည်။
နခခ ၅ ကို မသိမ်းနိုင်ရသည့် အဓိက အကြောင်းအရင်းမှာ စစ်ကောင်စီ ပို့ပေးသော ရိက္ခာလမ်းကြောင်းကို မဖြတ်တောက်နိုင်ခြင်းနှင့် စနိုက်ပါသမား အများအပြားဖြင့် ခုခံနေခြင်းတို့ကြောင့်ဟု မောင်တောစစ်ရေးအခြေအနေသိသူလည်းဖြစ် AA နှင့်နီးစပ်သူလည်းဖြစ်သူတစ်ဦးက ပြောသည်။
“နခခ ၅ ကို စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာအမြဲပို့တယ်။ ရိက္ခာလာပို့တော့မယ်ဆိုရင် စခန်းပတ်ပတ်လည်နဲ့ မောင်တောမြို့ထဲကို လေကြောင်းက ဆက်တိုက်ဗုံးကြဲတာ။ ဒါကို AA က မဖြတ်တောက်နိုင်ဘူး။ နောက်တစ်ခုက အင်အားက ၅၀၀ လောက်ရှိအုံးမယ်။ စနိုက်ပါသမားက ၂၀ လောက်နဲ့ကို ပြန်ခုခံနေတာ။ လွယ်လွယ်နဲ့ အနားကို မကပ်နိုင်ဘူး။ ဒီကြားထဲ စစ်ကောင်စီထောက်ပံ့ထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေကလည်း ရှိသေးတယ်။ AA ရဲ့ ထိုးစစ်တွေကို မွတ်ဆလင်လက်နက်ကိုင်တွေက မကြာခဏ အနှောက်အယှက်ပေးတယ်။ နခခ ၅ စခန်းပတ်လည်မှာလည်း မိုင်းတွေထောင်ထားတယ်။ အကုန်လုံးက လယ်ကွင်းပြင်ဆိုတော့ မြေပြင်ထိုးစစ်က လွယ်လွယ်နဲ့ ဖြတ်သွားတိုက်ဖို့ ခက်ခဲတယ်။ ပြီးတော့ လေကြောင်းက နေ့စဉ်လိုလို ကာဗာလုပ်ပေးထားတယ်။ AA က ဒရုန်းတွေနဲ့ တိုက်ပေမယ့် စစ်ကောင်စီရဲ့ ဂျင်မာတွေက ကောင်းတော့ ပြန်ပစ်ချခံရတာများတယ်။ ထိတွေ့တိုက်ပွဲစတာနဲ့ စစ်ကောင်စီ လေကြောင်းက နာရီဝက်အတွင်း မောင်တောကို ရောက်အောင်လာတာ။ တော်တော်ခက်တဲ့ မြို့သိမ်းတိုက်ပွဲပါပဲ” ဟု ပြောသည်။
အာရက္ခတပ်တော် AA က မောင်တောမြို့ထဲအထိ ဝင်ရောက်နေရာယူ ထိန်းချုပ်ထားပြီးနောက် မြို့နှင့်ကပ်လျှက်ရှိသည့် နခခ ၅ တပ်စခန်းကို အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ယခုရက်ပိုင်းအတွင်း ပိုပြီးအရှိန်မြှင့်ထိုးစစ်ကို ဆင်နွှဲနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
အာရက္ခတပ်တော် AA က နခခ ၅ တပ်စခန်းကို ပြင်းပြင်းထန်ထန် အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းမဟုတ်ဘဲ ပိတ်ဆို့ထားခြင်းသာဖြစ်ကြောင်း ရခိုင့်နိုင်ငံရေးအကျဉ်းသားဟောင်း ဝေဟင်အောင်က ပြောသည်။
“နခခ ၅ ကို အာရက္ခတပ်တော်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တာမဟုတ်ဘူး။ သူတို့က ဝိုင်းဝန်းပိတ်ဆို့ထားလိုက်တာ ဖြစ်တယ်။ ပြောရရင် အမှည့်ခြွေ ခြွေတာဖြစ်တယ်။ အဲဒီကြားထဲမှာ ဘယ်သူ့ကို စောင့်ကြည့်နေလဲဆိုတော့ ဒီဘက်က ARSA, RSO, ARA နဲ့ စစ်ကောင်စီက သင်တန်းပေးထားတဲ့ ဘင်္ဂလီအုပ်စုတွေရဲ့ (မွတ်ဆလင်အုပ်စု) လုပ်ပုံကိုင်ပုံကို အနီးကပ်မြင်ခွင့် ရသွားတယ်။ သူတို့တွေက အာရက္ခတပ်တော်အပေါ်မှာ ရန်သူလို သဘောထားတာကိုလည်း မြင်ခွင့်ရသွားတယ်။ ဒါကြောင့် ရန်သူကို စောင့်ကြည့်ရင်းနဲ့ စ လုံးကို စ နဲ့ စစ်တဲ့ တိုက်တယ်တိုက်ပွဲမဟုတ်ဘဲနဲ့ စိတ် နဲ့ တိုက်တဲ့ တိုက်ပွဲအခင်းအကျင်းမျိုးဖြစ်တယ်” ဟု ပြောသည်။
အာရက္ခတပ်တော် AA သည် မောင်တောမြို့သိမ်းတိုက်ပွဲမှာ နောက်ဆုံးကျန်ရှိနေသေးသော နယ်ခြားစောင့်တပ်စခန်း နခခ ၅ မြို့စောင့်တပ်ကို အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းမျိုး မဟုတ်ဘဲ အဘက်ဘက်ကို စောင့်ကြည့်ပြီးမှ သေချာစီစဉ် ကွက်တိဖြစ်မှ တိုက်နေခြင်းမျိုးဖြစ်ကြောင်း သိရသည်။
သို့သော်လည်း မောင်တော နခခ ၅ တပ်စခန်းကို အာဏာသိမ်း စစ်ကောင်စီက အချိန်မရွေး တပ်ကူအင်အား၊ လေကြောင်းပစ်ကူနှင့် ရိက္ခာပို့ပေးနိုင်သည့် အနေအထားဟု စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားကြသည်။
လက်ရှိ ရခိုင်ပြည်အတွင်း မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေကြပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့က လွဲ၍ ကျန်မြို့နယ်များအားလုံးကို AA က သိမ်းပိုက်ထားပြီဖြစ်သည်။