Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်ပြည် ပင်လယ်ကမ်းခြေက ငါးဖမ်းစက်လှေတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီ၏ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ငါးဖမ်းခွင့်ပိတ်ပင်ထားကြောင်း ပုသိမ်ရောက် ရခိုင်စစ်ဘေးရှောင်များက ပြောသည်။

ငါးဖမ်းခွင့်ကို ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးတသီတင်းပတ်အတွင်းကနေ စတင်ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ပုသိမ်ခရိုင်ရောက် ရခိုင်စစ်ရှောင်များမှာ အခက်တွေ့နေကြရကြောင်း ဂွမြို့ဒေသခံ စစ်ရှောင်တစ်ဦးက ပြောသည်။

“ကျနော်တို့ ငါးဖမ်း မဆင်းရဘူး။ ဒီမှာက ဧည့်သည်တွေကိုပဲ သပ်သပ် မဆင်းခိုင်းတာ။ ဒီမှာ ဧည့်သည်တွေကလည်း အကုန် ရခိုင်တွေပဲ။ ကျနော်တို့ ဒီဘက်ကို ငါးဖမ်းလှေတွေကိုယ်စီနဲ့ စစ်ရှောင်လာကြတာ။ အခု ငါးမဖမ်းရတော့ စားဝတ်နေရေး အရမ်းခက်ခဲနေကြတယ်” ဟု ပြောသည်။

ပုသိမ်ခရိုင်ဘက်ကို ရခိုင်ပြည် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်မှ ဒေသခံများ အဓိက စစ်ရှောင်သွားခဲ့ကြခြင်းဖြစ်ပြီး စစ်ရှောင်အားလုံးနီးပါးမှာလည်း ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူများဖြစ်ကြသည်။

လက်ရှိတွင် ထိုသို့ စစ်ရှောင်လာသူများကို ပုသိမ်ရှိ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက ငါးဖမ်းခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်ပြီး ငွေကြေးများလည်း ပေးဆောင်ရမှုရှိနေကြောင်း ချောင်းသာရောက် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“သူတို့က နယ်ခံတွေကိုတော့ အလုပ်လုပ်ခိုင်းတယ်။ ၁၁ မျဉ်းစောင်းတွေဖြစ်လို့ ထင်ပါတယ်။ ပိုက်ဆံတွေလည်း အမျိုးမျိုးတောင်းနေတာပဲ။ ပေးရင်လည်း ပေးတယ်လို့ မပြောရဘူး။ ဂါရဝပြုတယ်လို့ ပြောရတယ်။ ဒီမှာက အလုပ်မလုပ်ရတော့ ရှိတာလေးတွေပဲ စားနေကြရတယ်။ တစ်ခါ အိမ်ငှားခကလည်းရှိသေးတော့ အရမ်းခက်ခဲနေကြပြီ” ဟု ပြောသည်။

ၔရာဝတီတိုင်း ပုသိမ်ခရိုင်ဘက်တွင် ရခိုင်ပြည် သံတွဲ၊ ဂွနှင့် တောင်ကုတ်မြို့နယ်တို့မှ စစ်ရှောင်နေကြသည့် စစ်ဘေးရှောင်ဦးရေ ထောင်ချီရှိနေပြီး အဆိုပါ စစ်ရှောင်များမှာ ထောက်ပံ့မှုများ တစ်စုံတစ်ရာမှမရရှိကြသည့်အပြင် အသက်မွေးဝမ်းကျောင်း အလုပ်ကိုင်များကိုပါ လုပ်ကိုင်ခွင့်ပိတ်ပင် ခံထားကြရခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ