Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - သံတွဲမြို့နယ်နှင့် ငပလီမြို့က ဒေသခံပြည်သူများ ဘေးကင်းရာနေရာများသို့ စစ်ရှောင်လာသူများ။ (ဓါတ်ပုံ - CJ)

ရခိုင်တွင် တောင်းရမ်းစားသောက်ရသည့် စစ်ဘေးရှောင်အရေအတွက် ပိုများလာလျှက်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

စစ်ဘေးရှောင်များမှာ စစ်ရှောင်ကာလများလာသည်နှင့်အမျှ စားဝတ်နေရေးကျပ်တည်းသည့် ဦးရေပိုများလာပြီး တောင်ရမ်းစားသောက်ရသူများ ပိုတိုးလာကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“စားဝတ်နေရေးပိုကျပ်တည်းလာကြတယ်။ ထမင်းငတ်တဲ့ လူတွေပိုများလာတယ်။ ဒါကြောင့် တောင်းစားရတဲ့ ဦးရေပိုတိုးလာကြတာတွေ့နေရပါတယ်” ဟု ပြောသည်။

တောင်းရမ်းစားသောက်သူများထဲတွင် သက်ကြီး၊ သက်လတ်ပိုင်းများ အပါအဝင် ၁၀ နှစ်အောက်ကလေးငယ်များပါ ပါဝင်လာကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအပြင် ဆောင်းတွင်းရာသီရောက်လာသည်နှင့်အမျှ အနွေးထည်လိုအပ်ချက်ပြဿနာတစ်ခုကိုပါ တွဲလျှက်ခံစားနေကြရကြောင်း မြောက်ဦးမှ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

“ဆောင်းရာသီမှာ အနွေးထည် လိုအပ်ချက်ကလည်း သူတို့အတွက် ပြဿနာတစ်ခု ဖြစ်လာခဲ့တယ်။ စားဝတ်နေရေးတောင် အဆင်မပြေနိုင်ကြတဲ့အတွက် သူတို့မှာ တစ်ကိုယ်စာအတွက်ဖူလုံတဲ့ အနွေးထည်၊ စောင်တွေရှိမနေဘူး။ လှူဒါန်းကြတာတွေကလည်း မလောက်ငနိုင်ဘူးဖြစ်နေသေးတယ်” ဟု ဆိုသည်။

ရခိုင်က ၁၇ မြို့နယ်တွင် အနည်းဆုံး ၁၀ မြို့နယ်ခန့်မှာ စစ်ဘေးရှောင်နေကြရဆဲဖြစ်ပြီး ကျန်မြို့နယ်များမှာလည်း စစ်ဘေးရှောင်များ ဆက်ရှိနေကြဆဲဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်များနှင့်ပတ်သက်၍ ထောက်ပံ့မှုများမှာ မရှိသလောက်နည်းပါးနေရာ တိုက်ပွဲများကြား အလုပ်ကိုင်ရှားပါးလွန်းသည့် ရခိုင်တွင် အခြေခံလက်လုက်လက်စားဘဝဖြင့် စစ်ဘေးရှောင်နေကြရသူအများစုမှာ အငတ်ဘေးဖြင့် ရင်ဆိုင်ကြရပြီး တောင်းရမ်းစားသောက်ရသည့်အဖြစ်သို့ အများစု ရောက်ရှိသွားကြကြောင်း သိရသည်။

ဆက်စပ်သတင်းများ