အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် အမ်းမြို့ကို စစ်ကောင်စီ စစ်ကြောင်းများမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ယူ၍ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။
အင်အားနှင့် လက်နက်ခဲယမ်းအများအပြားပါသော စစ်ကောင်စီ စစ်ကားအစီး ၂၀ မှာ ဒီဇင်ဘာလ ၈ ရက်နေ့က မကွေးတိုင်း ပဒါန်းမြောက်ဘက်မှ ကမြင်းကန်ဂိတ်သို့သွားပြီး ယင်းမှတစ်ဆင့် အမ်းမြို့သို့ ခြေလျှင်စစ်ကြောင်းထိုး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သို့ ဦးတည်လာကြောင်း သိရသည်။
သတင်းရင်းမြစ်တစ်ဦးက “သူတို့က တဆင့်ပြီးတဆင့် သွားတာ။ ခြေလျှင်စစ်ကြောင်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဘက်က သွားကြတယ်။ လမ်းခရီးမှာ AA က လာတိုက်မှာ ကြောက်လို့ ပိုက်လိုင်းကို အကာအကွယ်ယူထားတယ်။ လက်နက်ခဲယမ်းတွေကတော့ ကားအသေးတွေနဲ့ပါတယ်” ဟု ပြောသည်။
အသည်းအသန် ခုခံနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သို့ အင်အားဖြည့်တင်းရန်အတွက် ယနေ့ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင်လည်း အမ်းချောင်း အရှေ့ဘက်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက် စစ်ကူပေးခြင်းနှင့် ရော့ကတ်ဒုံးများဖြင့် ပစ်ကူကာ စစ်ရဟတ်ယာဉ်မှတစ်ဆင့် အင်အားဖြည့်တည်းပေးခဲ့ကြောင်း သိရသည်။
” သူတို့က ကုန်းကြောင်းနဲ့ရော လေကြောင်းနဲ့ပါ အင်အားဖြည့်နေတာ။ ဒီနေ့ မနက်က သူတို့ ဗုံးကြဲပြီး ရော့ကဒ်တွေနဲ့ ပစ်တယ်။ လူချလို့ရအောင် ဂျက် ၂ စီးလည်း ဝဲနေတယ်။ ပြီးမှ ရဟတ်ယာဉ်ကတဆင့် စစ်အင်အားချပေးတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီဖက်မှ နပခ ထဲတွင် အကျအဆုံးများနေပြီး ဂျက်ဖိုက်တာ၊ Y-12 များအသုံးပြုကာ တိုက်ပွဲပြင်းထန်နေသည့် နပခ ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခြံဝန်း (ဂွင်) တခုမှလွှဲ၍ တပ်ရင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် အမ်းလေဆိပ်တို့ကို အပြီးသတ်သိမ်းပိုက်ထားပြီဟု အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
AA သိမ်းပိုက်ရန် တစ်ခုတည်းကျန်သည့် နပခ ခြံဝန်းထဲတွင် ဒေသခံ အရပ်သားပြည်သူများကို စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်းနှင့် ဒေသခံ အရပ်သားများကိုမူ AA က ကယ်ထုတ်ထားကြောင်း သိရသည်။
နပခ ခြံဝန်းထဲမှာ ရှိနေသည့် စစ်ကောင်စီ တပ်သားများကို အာရက္ခတပ်တော် AA က လော်စပီကာများဖြင့် အော်ပြောပြီး လက်နက်ချခိုင်းထားကြောင်းနှင့် လက်နက်မချသူများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
အမ်းမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ထံ စစ်ကောင်စီတပ်သားများနှင့်အတူ တပ်သားမိသားစုဝင်များ လက်နက်ချအလင်းဝင်လာသူများရှိသလို ဖမ်းဆီးရမိသူများလည်းရှိကြောင်းနှင့် အရေအတွက်ကိုမူ အတိအကျမသိရပေ။
အမ်းမြို့သိမ်းတိုက်ပွဲနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA သည် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြင့် မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ စသည့်ဒေသများမှ ပိတ်ဆို့တားဆီးကာ တိုက်ခိုက်နေကြောင်းနှင့် ရခိုင်ရိုးမတောင်အား စစ်ကောင်စီတပ်သားများ လုံးဝ အကျော်မပေးကြောင်း သိရသည်။