Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ သံတွဲ၊ ငပလီမြို့နယ်များတွင် ကလေးသူငယ် အရေးပြား ရောဂါ ခံစားနေရစဉ်၊ ဓါတ်ပုံ/ သက်လွင်ဖြိုး

ရခိုင်ပြည်၊ သံတွဲ၊ ငပလီ၊ ကျိန္တလီ တစ်လျှောက် ကျေးရွာအုပ်စု ၂၀၀ လောက်တွင် အရေပြား ရောဂါဝေဒနာ ခံစားနေရသူနှင့် ကျန်းမာရေးအခြေအနေ ဆိုးရွားနေသူ ၁၀၀၀ နီးပါး အထိ ရှိနေကြာင်း ဒေသအတွင်း ကူညီဆောင်ရွက်နေသူများက ပြောသည်။

ယင်းအထဲတွင် အရေပြားရောဂါ ဝေဒနာ ဆိုးဆိုးရွားရွား ခံစားနေရသူ ကလေးသူငယ် ၄၀၀ နီးပါး ရှိပြီး ဆေးဝါးများလည်း ပြတ်တောက်နေကာ ကူးစက်ရောဂါ ခံစားရသူများလည်း ပို၍ တိုးလာနေကြောင်း သံတွဲမြို့နယ်အတွင်း ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“အရေအပြားရောဂါ ဖြစ်နေတာတွေက အသက် ၅နှစ်အောက် ကလေးတွေနဲ့ မွေးကင်းစ ကလေးတွေမှာ အဖြစ်များတယ်ဗျ။ လက်တစ်လော ယားနာတွေ ဖြစ်နေတဲ့ ကလေးတွေက ၃၀၀ ကနေ ၄၀၀ အထိ ရှိနေတယ်။ ခန္ဓာကိုယ်တစ်ကိုယ်လုံး အဖု၊ အပိန့်တွေ၊ ဆပ်ပြာကလည်း အရမ်းဈေးကြီးတော့ ဝယ်မသုံးနိုင်ကြဘူး”ဟုပြောသည်။

ယင်းကဲ့သို့ အရေပြား ရောဂါများ ဖြစ်ပွားနေခြင်းသည့် ပြီးခဲ့သည့် အောက်တိုဘာ လက စ၍ ဖြစ်ပွားလာခြင်းဖြစ်ပြီး လက်ရှိအချိန်မှာ အရေးပြားရောဂါ ဖြစ်ပွားလာသည်မှာ ပိုမိုများပြားလာနေကြောင်း ဒေသခံများက ပြောသည်။

“ဆေးဝါးတွေ မရှိတော့ ရောဂါက ပိုများလာနေတယ်လို့ ပြောလို့ ရတာပေါ့နော်။ ဆေးဝါးတွေကအကုန် ပြတ်နေတာကို၊ ပြီးတော့ ဈေးတွေ အရမ်းကို ကြောက်ဖို့ ကောင်းလောက်အောင် မြင့်တက်နေတာပါ။ အရေပြား ရောဂါတွေက ခေါင်းတွေကအစ ခြေတွေ၊ လက်တွေ၊ ပြီးတော တင်းပါးတွေမှာ အများဆုံး ဖြစ်ကြတယ် “ဟုပြောသည်။

သံတွဲ၊ ငပလီ၊ ကျိန္တလီ တစ်လျှောက်နှင့် ရခိုင်ပြည်တောင်ပိုင်းမှာ စစ်ဘေးသင့် ပြည်သူများ ၂သောင်းကျော်လောက် ရှိနေပြီး လက်ရှိတွင် စားဝတ်နေရေး အပြင် ဆေးဝါးများနှင့် တကိုယ်ရေသုံး ပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။

သံတွဲ၊ ငပလီ၊ ကျိန္တလီ နေရာတစ်ချို့ အာရက္ခတပ်တော်က ဆေးပေးခန်းတစ်ချို့ ရှိနေသော်လည်း ဆေးဝါးများ မလုံလောက်ခြင်းနှင့် ဆရာဝန် ရှိမနေခြင်း သူနာပြု အကူ နည်းပါးခြင်းတို့ကြောင်း ကုသမှုအပိုင်းတွင် အားနည်မှု ရှိကြောင်း သိရသည်။

ဒေသခံတစ်ဦးက “ကျနော်တို့ဖက်က စပြီးကူညီလာတာဆိုရင် ၆ လကျော်နေပြီ၊ ရှိတဲ့ ရိက္ခာတွေအကုန် ကုန်လုနီးပါးလောက်ဖြစ်နေပြီ၊ ထပ်ပြီးတော့ အကူအညီတွေ မရတော့ အရမ်းကို ခက်နေတယ်။ ဆေးဝါးတွေအပြင် စားနပ်ရိက္ခာတွေက အခုဆိုရင် အဆိုးဆုံးအခြေအနေကို ရောက်ရှိနေပြီ”ဟုပြောသည်

ယင်းအပြင် သန္ဓေတားဆေး ၁ကဒ်ကို ငွေကျပ် ၂ သောင်းကျော်အထိ ပေးဝယ်နေရပြီး လက်ရှိတွင် ကိုယ်ဝန်ဆောင်များလည်း များပြားလာနေကာ ကိုယ်ဝန်ဆောင် အားဆေးပြတ်လပ်မှုနှင့် ဆက်လက်ကြုံ နေရကြောင်း သူနာပြု အကူများက ပြောသည်။

“သန္ဓေတားဆေး ၁ကဒ်ကို ကို နှစ်သောင်းအထိ ပေးဝယ်ပြီးတော့ သောက်ခဲ့ရတယ်။ အခုတော့ အနည်းငယ် ကျသွားတယ်။ မသောက်နိုင်တဲ့သူတွေကတော့ အများကြီးပါပဲ၊ ကိုယ်ဝန်ဆောင်တွေက အရမ်းများလာတယ်။ တစ်ချို့ကတော့ ကိုယ်ရဲ့ ဓလေ့အတိုင်း မွေးဖွားရတာပေါ့။ ဒါပေမယ့်အရမ်း အန္တရာယ်များပါတယ်။ ဆေးတွေကလည်း ပြတ်လပ်နေတာ တော်တော်ကို ဆိုးဆိုးရွားရွားအခြေအနေကို ရောက်သွားတာပေါ့”ဟုပြောသည်။

ထို့အပြင် ကလေးမွေးဖွားသည့်အခါတွင်လည်း ကာကွယ်ဆေး မထိုးနိုင်သည်မှာလည်း ကြီးမားသည့် စိန်ခေါ်မှုများ ရှိနေကြောင်း စစ်ဘေးသင့်ပြည်သူများကို ကူညီပေးနေသူများနှင့် သူနာပြု အကူများက Western News ကို ပြောသည်။

သံတွဲ၊ ငပလီ၊ ကျိန္တလီ မြို့နယ်များသည် အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည့်မြို့နယ်များဖြစ်ပြီး အနီးအနားရှိ ဂွမြို့နယ်တွင် တိုက်ပွဲများကြောင့် လူဦးရေ သောင်းနှင့်ချီ နီးစပ်ရာနေရာများသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ