Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - မောင်တောဒေသက နယ်စပ်ကုန်သွယ်ရေးဇုန်တစ်ခုအား တွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသကို ပြန်လည်ထူထောင်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်သွင်းချိန်တွင် စစ်သွေးကြွ လက်နက်ကိုင်များအနေဖြင့် အဖျက်အမှောက်လုပ်ငန်းများကို ပြုလုပ်လာနိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။

မောင်တောဒေသ တစ်ခုလုံးကို ဒီဇင်ဘာလ ၈ ရက်နေ့က အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ပြီးနောက် မောင်တောခရိုင် ပြန်လည်ထူထောင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး အမြန်ဆုံးလည်ပတ်နိုင်ရန် ဒေသခံပြည်သူများမှာ မျှော်လင့်စောင့်ဆိုင်းနေကြသည်။

ရခိုင်ပြည်၏ အဓိက ဝင်ငွေတစ်ခုဖြစ်သည့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်ကုန်သွယ်ရေးကို တကျော့ပြန်တိုက်ပွဲစသည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ပိတ်ထားခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်သည်။

မောင်တောဒေသ ပြန်လည်ထူထောင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပြန်လည်ချိန်တွင် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင်များက အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်လာမည်ဟု စိုးရိမ်မိသည်ဟု မောင်တောဒေသခံ ကုန်သည်တစ်ဦးဖြစ်သူ ဦးကျော်သောင်းက ပြောသည်။

“ကိုယ့်အိမ်ကိုယ်ရာကိုတော့ အမြန်ဆုံးပြန်ချင်တာပေါ့ဗျာ။ ပြန်လည်ထူထောင်ရေးက ချက်ချင်းကို လုပ်ချင်နေတာ။ မြို့ထဲကိုတော့ ချက်ချင်း အဝင်ခံမှာ မဟုတ်သေးဘူးထင်တယ်။ လုပ်စရာတွေ ရှိကြအုံးမယ်ထင်တယ်။ ပြီးတော့ နယ်စပ်ကုန်သွယ်ရေးလည်း ဒီလိုပဲ ချက်ချင်းစတင်နိုင်မှာ မဟုတ်သေးဘူး။ စရင်တောင် စစ်သွေးကြွ ဘင်္ဂါလီ လက်နက်ကိုင်တွေက အဖျက်အမှောက်တွေ လာလုပ်မှာကိုတော့ စိုးရိမ်ရတယ်။ ပစ္စည်းလုတာတော့၊ ကုန်သည်တွေကို ပြန်ပြေးဆွဲတာတော့၊ ဓါးမြတိုက်တာတော့၊ မထင်ရင် မထင်သလို လူတွေကို အသက်အန္တရာယ် ပြုနိုင်တာမျိုး ဒါမျိုးတွေ လုပ်လာနိုင်ပါတယ်။ တော်တော်လေးကို သတိထား လုပ်ရပါမယ်။” ဟု ပြောသည်။

တိုက်ပွဲများနှင့် စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုများကြောင့် ရခိုင်ပြည်အတွင်း အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် စက်သုံးဆီများ ပြတ်လပ်နေသည်ကို ဖြည့်ဆည်းရန် နယ်စပ်ကုန်သွယ်ရေးကို အမြန်ဆုံး လည်ပတ်ရန် ဒေသခံပြည်သူများက မျှော်လင့်နေကြခြင်းဖြစ်သည်။

သို့သော်လည်း အာရက္ခတပ်တော် AA ၏ ဒီဇင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရှိတော့ကြောင်း ဆိုသော်လည်း ကစဉ့်ကလျား ထွက်ပြေးနေသော စစ်သွေးကြွ ARSA, RSO, ARA များရှိနိုင်သေးကြောင်း သိရသည်။

ထိုကြောင်းလည်း မောင်တောဒေသ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခြင်းကို AA က အကန့်အသတ်မရှိ ပိတ်ပင်ထားသလို နယ်မြေရှင်းလင်းရေးကိုလည်း ဆောင်ရွက်နေကြောင်း AA က ပြောသည်။

စစ်သွေးကြွ မွတ်ဆလင်လက်နက်ကိုင်များကို သေချာရှင်းလင်းနိုင်မှ ဒေသခံ မွတ်ဆလင် ပြည်သူများအပါအဝင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများမှာ စိတ်ချလက်ချ လုပ်ကိုင်စားသောက်နိုင်မည်ဟု ဘူးသီးတောင်ဒေသခံ ဒေါ်သန်းသန်းအေးက ပြောသည်။

“စစ်ကောင်စီရဲ့ အန္တရာယ်တွေကို စိုးရိမ်စရာမရှိဆိုပေမယ့် လက်နက်ကိုင်ထားတဲ့ ဘင်္ဂါလီတွေရဲ့ အန္တရာယ်ကိုတော့ စိုးရိမ်ရပါတယ်။ အဲဒီအကြမ်းဖက်သမားတွေက ဘူးသီးတောင်၊ မောင်တော ဒေသမှာ အမြဲလိုလို ပြည်သူတွေကို အန္တရာယ်ပေးတာ။ သူတို့အချင်းချင်းလည်း ဒုက္ခပေးတယ်။ တခြားဒေသခံတွေကိုလည်း ဒုက္ခပေးပါတယ်။ အကြမ်းဖက်သမား ဘင်္ဂါလီတွေကို သေချာရှင်းလင်းနိုင်မှ အေးချမ်းစွာနေနေကြတဲ့ ဘင်္ဂါလီတွေရော၊ ကျမတို့ ရခိုင်တိုင်းရင်းသားတွေရော အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်လို့ရမှာ” ဟု ပြောသည်။

ဘူးသီးတောင်၊ မောင်တောမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ကို စစ်သွေးကြွ ARSA, RSO, ARA တို့သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြသည်။

စစ်ကောင်စီတပ်ကလည်း ဘူးသီးတောင်၊ မောင်တောဒေသက စစ်သွေးကြွမွတ်ဆလင်လူငယ်များကို စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းနှင့် ARSA, RSO, ARA တို့ကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော် AA ကမူ ရခိုင်ပြည်တွင် အာရက္ခတပ်တော် AA ကလွဲပြီး မည်သည့်တပ်မှ မရှိရဟု ကြွေးကြော်ထားပြီး စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်များကိုလည်း တိုက်ခိုက်ရှင်းလင်းနေသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းသည် ရခိုင်ပြည်အတွက် အလွန်အရေးပါသော လုပ်ငန်းကြီးဖြစ်ပြီး လက်ရှိတွင် ရခိုင်ပြည်သည် ပလက်ဝမြို့ကတစ်ဆင့် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ