Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်မှာ ယခင်နှစ်နည်းတူ စပါးဝယ်လိုအား မရှိသလောက်ကျဆင်းသွား၍ တောင်သူလယ်သမားများမှာ ခက်ခဲမှုဖြင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

မိုးရာသီက စိုက်ပျိုးခဲ့သည့် စပါးများကို လက်ရှိတွင် ရိတ်သိမ်းနေပြီး စပါးပေါ်လာပြီဖြစ်သော်လည်း စပါးဝယ်ယူသူမရှိ၍ တောင်သူများမှာ ဝင်ငွေမရှိသည့် အခက်အခဲကို ကြုံနေရကြောင်း ပြောဆိုနေကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးက “လယ်သမားတွေ အတွက်တော့ ဒီနှစ်လည်း အခက်အခဲပဲ။ ရိတ်သိမ်းပြီးစပါးတွေကို ဝယ်မယ့်သူမရှိဘူး။ အခုလိုထွက်လာတဲ့ စပါး ရောင်းမထွက်တော့ အကြွေးကျခံပြီး လယ်စိုက်ထားကြတဲ့ လယ်သမားတွေဆို ဘယ်လို ရှေ့ဆက်ရမယ်မှန်းတောင် မတွေးတတ်ကြတော့ဘူး” ဟု ပြောသည်။

ရခိုင်ပြည်က တောင်သူအများစုသည် ရိုးရိုးစပါးထက် ပေါ်ဆန်းမွှေးစပါးကို အဓိကထားစိုက်ပျိုးကြပြီး ယခင်က ရန်ကုန်အပါအဝင် ပြည်မမြို့များကို ပေါ်ဆန်းမွှေးဆန် ရောင်းချခဲ့ကြောင်း သိရသည်။

သို့သော်လည်း ပြည်မမြို့ကို ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည့်အတွက် ယခင်နှစ်ကတည်းက ရခိုင်ပြည်က ဆန်၊ စပါးများမှာ တင်ကျနေပြီး ယခုနှစ် စပါးပေါ်ချိန်မှာလည်း ဝယ်လိုအားမရှိ၍ တောင်သူလယ်သမားများမှာ ခက်ခဲနေကြခြင်းဖြစ်သည်။

ပြည်မဘက်ဈေးကွက်ကို ပိတ်ထား၍ နယ်စပ်ကတစ်ဆင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ဈေးကွက်ကို မျှော်မှန်းခဲ့သော်လည်း ထင်သလောက် အခြေအနေမကောင်းဟု နောက်ထပ် ကျောက်တော်ဒေသခံ တောင်သူတစ်ဦးက ပြောသည်။

“ကျနော်တို့ ရခိုင်မှာက ပေါ်ဆန်းမွှေးစပါးကို အဓိကထား စိုက်ပျိုးကြတာ။ ရိုးရိုးစပါး ဒေသအခေါ် ဆန်ချေပေါ့လေ အနည်းလောက်စိုက်ကြတာ။ ဒီနှစ်စပါးပေါ်ရင်တော့ နယ်စပ်ကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယဈေးကွက်ကို အရမ်းမျှော်လင်ခဲ့တာ။ ထင်သလောက်မဟုတ်ဘူးဖြစ်နေတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဝယ်လိုအားက ရိုးရိုးစပါး/ရိုးရိုးဆန်ဖြစ်နေတယ်။ ပေါ်ဆန်းမွှေးမဝယ်ကြဘူး။ အိန္ဒိယဘက်လည်း လမ်းခရီးက အရမ်းဝေးတော့ သွားတဲ့သူရှိသလို မသွားတဲ့သူလည်းရှိတယ်။ မျှော်မှန်းထားသလောက် ဖြစ်မလာဘူး” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်ကုန်သွယ်နေကြသည့် ဆန်/စပါး အရောင်းအဝယ် လုပ်ငန်းရှင်များမှာ ပေါ်ဆန်းမွှေးစပါးအား လှည့်တောင်မကြည့်ကြ၍ ရခိုင်တောင်သူလယ်သမားများမှာ နောက်နှစ်မိုးစပါးစိုက်ပျိုးရေးအတွက် အလွန်ခက်ခဲသွားကြသည်။

ရခိုင်ပြည်က လက်ရှိစပါးဈေးနှုန်းများမှာ ရိုးရိုးစပါးဆိုလျှင် တောင်း ၁၀၀ ကို ကျပ် ၄ သိန်းဝန်းကျင်ရရှိပြီး ပေါ်ဆန်းမွှေးစပါးဆိုလျှင် တောင်း ၁၀၀ ကို ကျပ် ၆ သိန်းဝန်းကျင်ရှိကြောင်း သိရသည်။

တကျော့ပြန်တိုက်ပွဲ မဖြစ်ပွားမီ ရခိုင်ပြည်အတွင်း ပုံမှန်စပါးဈေးမှာ ရိုးရိုးစပါးကို ကျပ် ၇ သိန်းကျော်နှင့် ပေါ်ဆန်းမွှေးစပါးကို ကျပ် ၁၂ သိန်းအထိ ဈေးကောင်းရရှိခဲ့ကြပြီး လက်ရှိတွင် စပါးဈေးကောင်းလည်း မရရှိသလို ဝယ်လိုအားလည်း မရှိကြောင်း တောင်သူများက ပြောဆိုကြသည်။

ရခိုင်က လယ်သမားများမှာ လက်ရှိ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် စိုက်ပျိုးစရိတ် အလွန်ကြီးမားမှုကို ကြုံတွေ့ခဲ့ကြရပြီး လယ်ဧကများကိုပင် လျော့ချလုပ်ကိုင်ခဲ့ကြရသည်။

ထိုကဲ့သို့ စရိတ်ကြီးမားမှုကြောင့် သွင်းအားစုများကိုလည်း လိုအပ်သလောက်အသုံးမပြုနိုင်ခဲ့ရာ စပါးပေါ်ချိန်တွင် ယခင်နှစ်များထက် အထွက်နှုန်း တစ်ဝက်ခန့် ကျဆင်းခြင်းကိုလည်း ကြုံနေကြရပြီး ရရှိလာည့်စပါးများမှာလည်း ရောင်းမထွက်ဖြစ်နေသည့်အတွက် လယ်ယာလုပ်ကိုင်သူများမှာ များစွာကျပ်တည်းခက်ခဲလျှက် ရှိနေကြကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ