Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ခရီးသွားဧည့်သည် သန်း ၄၀ အထိ ဝင်ရောက်ရန် ရည်မှန်းထားကြောင်း ထိုင်းခရီးသွားအေးဂျင့်များအသင်း ATTA က ပြောသည်။

ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ခရီးသွားဧည့်သည် ၃၂ သန်းကျော် ဝင်ရောက်ခဲ့ပြီး ၁ ဒသမ ၅၃၅ ထရီလီယံ ဘတ် ရရှိခဲ့ကြောင်း ATTA က ထုတ်ပြန်ထားသည်။

အဆိုပါ ခရီးသွားဧည့်သည်များမှာ တရုတ်နိုင်ငံက ၆ ဒသမ ၃၂ သန်း၊ မလေးရှားမှ ၄ ဒသမ ၅၈ သန်း၊ အိန္ဒိယမှ ၁ ဒသမ ၉၆ သန်း၊ တောင်ကိုရီးယား ၁ ဒသမ ၇၂ သန်းနှင့် ရုရှားနိုင်ငံမှ ၁ ဒသမ ၅၅ သန်း အသီးသီး ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။

ခရီးသွားဧည့်သည် လစဉ်ဝင်ရောက်မှု ပျမ်းမျှ ၂ သန်းကျော်ရှိပြီး ၂၀၂၄ နှစ်ကုန်အထိ စုစုပေါင်း ၃၅ သန်းအထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်းလည်း ထိုင်းနိုင်ငံ ခရီးသွားလာရေး အာဏာပိုင်အဖွဲ့ TAT က ရည်မှန်းထားကြောင်း ထုတ်ပြန်ထားသည်။

TAT က ၂၀၁၉ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီး အလွန်တွင် ထိုင်းနိုင်ငံသို့ ခရီးသွားဧည့်သည် သန်း ၄၀ အထိ ဝင်ရောက်ရန် မျှော်ထားကာ လာမည့် ၂၀၂၅ ခုနှစ်တွင် ရည်မှန်းချက်ပြည့်နိုင်မည်ဟု ဆိုသည်။

ထိုင်းနိုင်ငံသည် အစားအသောက်နှင့် တည်းခိုနေထိုင်မှုကဏ္ဍတွင် ဖွံ့ဖြိုးလာသော်လည်း သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားထုတ်ကုန်များတွင် အကန့်အသတ်ရှိသော စိန်ခေါ်မှုဖြင့် ရင်ဆိုင်နေရသည်ဟု ATTA ၏ အတွင်းရေးမှူးက အက်ဒီးက ထောက်ပြထားသည်။

အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းပြီး နောက်ကျနေသေးသော အွန်လိုင်းဈေးကွက်နှင့် ဝန်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက်ပါက ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းသည် ပိုမိုဆွဲဆောင်မှုရှိမည်ဟု ၎င်းက ဆိုသည်။

ခရီးသွားများကို ဆွဲဆောင်ရန် တစ်နှစ်ပတ်လုံး အဓိက ပွဲတော်များကို လက်ခံကျင်းပခြင်း၊ ထူးခြားသော ခရီးသွားနေရာများ ဖန်တီးပေးခြင်း၊ အထူးအခွင့်အရေးအနေဖြင့် ဈေးဝယ်ရာတွင် ချောမွေ့စွာဖြစ်နေခြင်း၊ ခရီးသွားပက်ကေ့ချ်များနှင့် ငွေပေးချမှုကို ပိုမိုလွယ်ကူစေခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။

ယင်းအပြင် ဂီတသမားများ၊ အားကစားသမားများနှင့် နိုဘယ်ဆုရှင်များ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အိုင်ကွန်များကို ဖိတ်ကြားပြီး ထိုင်းနိုင်ငံတွင် ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေပေးခြင်းနှင့် လာရောက်လည်ပတ်သူများ ပိုမိုဆွဲဆောင်နိုင်ရန် အထူးပွဲတော်များနှင့် ပွဲများကို စီစဉ်ပေးရမည်ဖြစ်သည်။

အဆိုပါ ပဏာမခြေလှမ်းများသည် စျေးကွက်အားကောင်းပြီး ထိုင်းနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းနေရာအဖြစ် ဆက်လက်တည်ရှိနေစေခြင်းဖြင့် အထူးသဖြင့် မေလမှ အောက်တိုဘာလအတွင်း ခရီးသွားတိုးတက်မှုကို တွန်းအားပေးရန် ရည်ရွယ်ထားကြောင်း ထိုင်းခရီးသွားလုပ်ငန်းများက ပြောဆိုထားကြသည်။

Ref: The Pattaya News

ဆက်စပ်သတင်းများ