ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်က ကားတာယာအလုပ်ရုံတွင် အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသား ၁၂၀၀ ကျော်မှာ နေထိုင်ခွင့် သက်တမ်းတိုးခ သတ်မှတ်ဈေးနှုန်းထက် ပိုကောက်ခံနေ၍ ဆန္ဒပြနေကြကြောင်း သိရသည်။
နေထိုင်ခွင့် သက်တမ်းတိုးခ အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၉၀၀၀ ကောက်ခံနေ၍ ဈေးနှုန်းသက်သာ မှန်ကန်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည်ဟု မြန်မာအလုပ်သမားအရေး ကူညီနေသူ အေအေစီ ကိုရဲမင်းက ပြောသည်။
“စက်ရုံက ကားတာယာအလုပ်ရုံဖြစ်ပါတယ်။ မြန်မာအလုပ်သမာ လူဦးရေ ၁၂၀၀ ကျော်ရှိတဲ့ အလုပ်ရုံကြီးဖြစ်ပါတယ်။။ Work permit ၊ Visa ၂ နှစ် သက်တမ်းတိုး တစ်ဦးကို ၉၀၀၀ တောင်းနေတဲ့အတွက် အလုပ်သမားတွေက ညှိနှိုင်းပေးဖို့ ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေက သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ လုပ်ပေးစေချင်တယ်။ အခုလောလောဆယ်တော့ သူတို့ နေထိုင်ခွင့်အထောက်အထားတွေကို တာဝန်ယူထားတဲ့ ဒီ အေဂျင်စီတွေ၊ ပွဲစားတွေကတော့ လျှော့မပေးသေးဘူး ပြောတယ်။ ကျွန်တော်တို့ကတော့ အလုပ်သမားတွေ လိုအပ်တဲ့ အကူအညီပေးနိုင်ဖို့ ဘေးကနေ ဆောင်ရွက်ပေးနေပါတယ်” ဟု ဆိုသည်။
စျေးနှုန်းကြီးမြင့်မှု နောက်ကွယ်တွင် စစ်ကောင်စီ မြန်မာသံရုံးက အဓိကပါဝင်နေကြောင်းလည်း အလုပ်သမားများက သံသယရှိနေကြသည်။
အလားတူ ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ထိုင်းနိုင်ငံ ချွန်ဘူရီ၊ လယောင် နိခွန်ဖက်ထနာရှိ စတီးစက်ရုံရှိ မြန်မာအလုပ်သမား ၈၀ ကျော်ကလည်း အလုပ်သမားနေထိုင်ခွင့် သက်တမ်းတိုးရေး တစ်ဦးလျှင် ဘတ် ၁၃၀၀၀ ကောက်ခံနေ၍ ဆန္ဒပြတောင်းဆိုခဲ့ပြီး အလုပ်ရုံပွဲစားက ဘတ် ၇၅၀၀ ဖြင့် ဈေးနှုန်းပြန်လျှော့ပေးခဲ့၍ အလုပ်သမားများ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြောင်းကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ အေအေစီ ကိုရဲမင်းက ပြောပြသည်။
ထို့အတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ ထိုင်းနိုင်ငံ ဖိချဘွန်မြို့နယ်ရှိ ကြက်သားစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၀၀၀ ကျော်က နေထိုင်ခွင့်သက်တမ်းတိုးအတွက် တစ်ဦးလျှင် ဘတ် ၁၁၅၀၀ တောင်းခံနေမှုကို ဆန္ဒပြတောင်းဆိုခဲ့ကြရာ ဆွေးနွေးညှိနှိုင်းပြီးနောက်တွင် တစ်ဦးလျှင် ဘတ် ၆၀၀၀ ဖြင့် သက်တမ်းတိုးခွင့်ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ သက်တမ်းတိုးနေထိုင်အလုပ်လုပ်ခွင့်ရရှိရေး စျေးနှုန်းကြီးမြင့်မားလာမှုမှာ ဘန်ကောက်ရှိ စစ်ကောင်စီမြန်မာသံရုံးက အခွန်များ တိုးမြှင့်ကောက်ခံလာခြင်း၊ မလိုအပ်ဘဲ သက်တမ်းတိုးရေး လုပ်ငန်းစဉ်များတွင် ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်း၍ အဆင့်များစွာ တိုးမြှင့်လာခြင်းကြောင့် အဓိကဖြစ်ကြောင်း ပြောဆိုနေကြသည်။