Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ကောင်စီ အကြံပေးအဖွဲ့ဝင် ယခင် ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်းခေါင်းဟောင်းဖြစ်သူ ဒေါ်အေးနုစိန်အပါအဝင် ပြည်ထောင်စု ဒုဝန်ကြီးများဖြစ်သည့် ဦးဇော်အေးမောင်နှင့် ဒေါ်နုမြဇံတို့မှာ စစ်တွေမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာပြီး ၎င်းတို့ ၃ ဦးမှာ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ Jeng Phang နော်တောင် ခရီးစဉ်တွင် အတူလိုက်ပါ လာကြခြင်းဖြစ်သည်။

ရခိုင်တောင်ပိုင်းဒေသမှာ အာရက္ခတပ်တော် AA က မြို့များဆက်တိုက်သိမ်းပိုက်နေချိန် မြို့တော်စစ်တွေမြို့အား ဆက်လက်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီသည် ရခိုင်လူမျိုး ဝန်ကြီးများအား စေလွှတ်ခြင်းဖြစ်သည်ဟု သုံးသပ်သူတစ်ဦးက ပြောသည်။

“အေအေ က ရခိုင်ပြည်အတွင်း အထူးသဖြင့် အခု တောင်ကုတ်၊ အမ်း၊ မောင်တော ဒေသတွေမှာ မြို့သိမ်း တပ်သိမ်းလုပ်နေတဲ့အချိန်မှာ စစ်တွေမြို့က ခြိမ်းခြောက်ခံရတော့မယ်လေ။ အရင်ကလည်း စစ်တွေမြို့မှာ အေအေ ဝိုင်းရံပိတ်ဆို့ထားတော့။ အခု ရခိုင်လူမျိုး အကြံပေး၊ ဝန်ကြီးတွေ စေလွှတ်တာက စစ်ကောင်စီဟာ သွေးရိုးသားရိုးတော့ မဟုတ်လောက်ဘူး။ မြို့တော် စစ်တွေမြို့ကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ အဓိက ဝန်ထမ်းတွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေကို စည်းရုံးဖို့ လွှတ်တာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

တိုင်းရင်းသားရေးရာ ပြည်ထောင်စု ဒုဝန်ကြီး ဦးဇော်အေးမောင်ပါသော ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အဖွဲ့သည် စစ်တွေမြို့ စစ်ကောင်စီ ဧည့်ရိပ်သာမှာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“စစ်မှန်တဲ့ မျိုးချစ်စိတ်ဓါတ်ကို အရင်းခံပြီး ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ တိုင်းရင်းသားပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ မိမိတို့ဟာ ကျရာအခန်းကဏ္ဍနေ အစွမ်းကုန်ကြိုးပမ်းရမယ်” ဟု တိုင်းရင်းရေးရာ ပြည်ထောင်စုဝန်ကြီး နော်တောင်က ပြောသည်။

ရခိုင်၊ မရမာကြီး၊ ခမီနှင့် သက် စသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ငွေသားများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒါဖြန့်ချိရေး သတင်းစာများက ဖော်ပြကြသည်။

စစ်ကောင်စီ အကြံပေး ဒေါ်အေးနုစိန်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့ အဖွဲ့သည် လောကာနန္ဒာစေတီတော် မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုပြီးနောက် စစ်တွေမြို့ရှိ တက္ကသိုလ်ဆရာ၊ ရာမများနှင့် အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများဖြင့် တွေ့ဆုံခဲ့ကြသည်။

“ရခိုင်ပြည် စစ်ကောင်စီအဖွဲ့ ဦးထိန်လင်းတို့နဲ့ တွေ့တယ်။ စစ်တွေမြို့အား လှည့်လည်ကြည့်ရှုစစ်ဆေးတယ်။ အဆင့်မြင့်ပညာနဲ့ အခြေခံပညာက ဆရာ/ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေကို စစ်တွေတက္ကသိုလ် ခန်းမမှာ တွေ့ဆုံပါတယ်။” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

တွေ့ဆုံပွဲတွင် ဆရာ၊ ဆရာမများကို အတတ်ပညာ ဘာသာရပ်ကျွမ်းကျင်မှုအပြင် စိတ်ပိုင်းဆိုင်ရာ မြှင့်မားရေးကိုလည်း သင်ကြားပေးရန် စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေက မှာကြားခဲ့သည်။

“စကစ အဖွဲ့ဝင် ဒေါက်တာဘရွှေက ဆရာ၊ ဆရာမတွေကို ကျောင်းသားတွေကို စိတ်ဓာတ်ရေးရာ မြင့်မားရေးကို သင်ကြားပေးဖို့ မှာကြားခဲ့တယ်။ ဗလငါးတန်နဲ့ ပြည့်စုံဖို့ စေတနာ မေတ္တာနဲ့ သင်ကြားပေးဖို့ ပြောတယ်။ ပညာရေးကို အေးအေးချမ်းချမ်းနဲ့ သင်ကြားပေးဖို့ ပြောခဲ့တယ်” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် ဆရာ၊ ဆရာမများနှင့် ရခိုင်ပြည် စစ်ကောင်စီအဖွဲ့ ဦးထိန်လင်းအုပ်စုက လိုအပ်သည်များကို တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးများက ဆရာ၊ ဆရာမများအား ချီးမြှင့်ငွေနှင့် အခြေခံစားသောက်ကုန်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ